အစ္စရေး-ပြင်သစ်ပွဲနေ့မှာ ဘာပေကို ဆွီဒင်ရှိ နိုက်ကလပ်တစ်ခုမှာ မြင်တွေ့ခဲ့ရ
ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘာပေကို ကြာသပတေးနေ့က ဆွီဒင်ရှိ နိုက်ကလပ်တစ်ခုမှာ မြင်တွေ့ခဲ့ရပြီး ဒီနေ့ရဲ့ညနေပိုင်းမှာ သူ့ရဲ့ပြင်သစ်အသင်းဟာ Nations League ပွဲစဉ်အဖြစ် အစ္စရေးအသင်းနဲ့ကစားခဲ့ရာမှာ (၄-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပွဲကစားခဲ့ပေမယ့် ပြင်သစ်အသင်းရဲ့Nations League ပွဲစဉ်တွေမှာ ပါဝင်ခဲ့ခြင်းမရှိလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဘာပေဟာ ပြီးခဲ့တဲ့လက ကြွက်သားဒဏ်ရာခံစားခဲ့ရပေမယ့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် လူစားဝင်အဖြစ်ပါဝင်ခဲ့သလို ဗီလာရီးရဲလ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ပွဲချိန်(၇၁)မိနစ်အထိ ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာပေဟာ အနားယူဖို့ လိုအပ်တယ်လို့ဆိုပြီး Nations League ပွဲတွေကစားမယ့် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့တာပါ။ နည်းပြ ဒေးရွှမ့်ကတော့ ဘာပေဟာ ပွဲအနည်းငယ်သာကစားခဲ့ရပြီး ပြင်ဆင်မှုအားနည်းခဲ့ကြောင့် မပါဝင်နိုင်ခဲ့တာလို့ ပြောခဲ့ပါတယ်။
ဘာပေကို ကြာသပတေးနေ့ညက သူ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့အတူ Chez Jolie စားသောက်ဆိုင်ကနေ ထွက်လာကာ စတော့ဟုမ်းမြို့ရဲ့လမ်းမတွေပေါ်မှာ မြင်တွေ့ခဲ့ရတာပါ။ ဒါပေမယ့် သူတို့တွေဟာ ဒီစားသောက်ဆိုင်မှာအဆုံးမသတ်ဘဲ အနီးအနားမှာရှိတဲ့ နိုက်ကလပ်တစ်ခုထံ သွားခဲ့တယ်လို့ Aftonbladet က ဆိုထားပါတယ်။
ဘာပေဟာ ပြင်သစ်အသင်းအတွက် (၈၆)ပွဲကစားထားပြီး (၄၈)ဂိုးသွင်းယူကာ ၂၀၁၈ ကမ္ဘာ့ဖလားနဲ့ ၂၀၂၁ UEFA Nations League ဖလားတို့ကို ရယူထားတာပါ။ ဘာပေဟာ ပြင်သစ်အသင်းတိုက်စစ်မှူးဟောင်းတွေဖြစ်တဲ့ ဂျီရူးနဲ့ အွန်နရီတို့ရဲအနောက်မှာ ပြင်သစ်အသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းရဲ့တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။