သြစတြီးယား-နော်ဝေပွဲအပြီး မေးခွန်းတွေကို ဖြေဆိုဖို့ ငြင်းဆန်ခဲ့လို့ ဟာလန်းဝေဖန်ခံရ

0

မနေ့က ဩစတြီးယား(၅-၁)နော်ဝေ UEFA Nations ပွဲစဉ်အပြီးမှာ ‌နော်ဝေအသင်းတိုက်စစ်မှူး ဟာလန်းဟာ မေးခွန်းတွေကို ဖြေဖို့ငြင်းဆန်ခဲ့လို့ ဝေဖန်မှုတွေကို ခံနေရပါတယ်။ ဩစတြီးယားအသင်းကို ဂိုးပြတ်အရေးနိမ့်ခဲ့တာဟာ နော်ဝေအသင်းအတွက် (၇)နှစ်အတွင်းအဆိုးရွားဆုံး ရှုံးပွဲဖြစ်တယ်လို့ သိရတာပါ။

နော်ဝေအသင်းဟာ ၂၀၁၇ က ဂျာမနီအသင်းကို (ဝ-၆)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် အဆိုးရွားဆုံးရှုံးပွဲကြုံတွေ့ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆလိုဗေးနီးယားအသင်းနဲ့ပွဲမှာ ခြေစွမ်းပြပြီး (၂)ဂိုးသွင်းယူကာ နော်ဝေအသင်းရဲ့ဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့တဲ့ ဟာလန်းဟာ ဒီပွဲမှာတော့ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ ဟာလန်းဟာ ပွဲအပြီး Raiffeisen Arena ကနေ ထွက်ခွာချိန်မှာ နော်ဝေမီဒီယာအများအပြားက သူ့ကိုချဉ်းကပ်မှုတွေပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ဟာလန်းဟာ သူတို့ရဲ့မေးခွန်းတွေကို ဖြေဖို့ငြင်းဆန်ပြီး ကွင်းထဲကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဟာလန်းဟာ ဝေဖန်မှုတွေအများအပြားခံခဲ့ရတာပါ။ ဟာလန်းဟာ ပွဲအပြီးသူ့ရဲ့ဆိုရှယ်မီဒီယာမှာ နော်ဝေအသင်းရဲ့ဆိုးရွားတဲ့ စွမ်းဆောင်ရည်အတွက် တောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဟာလန်းက သူတို့ဟာ လာမယ့်နိုဝင်ဘာမှာကစားမယ့် UEFA Nations League ပွဲစဉ်မှာ (၆)မှတ်ရရှိအောင် လုပ်ဆောင်သွားမယ်လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နော်ဝေအသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့ပေမယ့် ဩစတြီးယား၊ဆလိုဗေးနီးယားအသင်းတို့နဲ့ ရမှတ်(၇)မှတ်ချင်းတူညီကာ အုပ်စုတွင်းကို ဦးဆောင်ထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *