အရာအားလုံးဖြစ်နိုင်တယ် ပြောပြီး အင်္ဂလန်နည်းပြ ဖြစ်လာနိုင်ခြေကို ဂွါဒီယိုလာ ငြင်းဆန်ခြင်းမရှိ
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ Che Tempo Che Fa နဲ့ ပြုလုပ်ခဲ့တဲ့ Show အစီအစဉ်မှာ အရာအားလုံးဖြစ်နိုင်တယ်လို့ပြောပြီး အင်္ဂလန်အသင်းနည်းပြရာထူးကို ငြင်းဆန်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဒီရာသီကုန်ရင် မန်စီးတီးအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာဟာ အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့ စာရင်းထဲမှာ ပါဝင်နေပြီး အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့အဓိကပစ်မှတ်လည်း ဖြစ်ပါတယ်။
ရုပ်သံဘောလုံးပွဲဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ ရွိုင်ကိန်းကလည်း ဂွါဒီယိုလာဟာ အင်္ဂလန်အသင်းနည်းပြသစ်ဖြစ်သင့်တယ်လို့ ပြောဆိုထားပါတယ်။ ဒါ့အပြင် အင်္ဂလန်အသင်းက ဖင်လန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်အပြီးမှာ ယာယီနည်းပြ လီကာစလေက ဆုဖလားတွေရယူထားတဲ့ ကမ္ဘာ့အဆင့်နည်းပြတစ်ဦးဟာ အင်္ဂလန်အသင်းနည်းပြရာထူးနဲ့ ထိုက်တန်တယ်လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြရာထူးနဲ့ ပတ်သက်ပြီးမေးမြန်းခံရချိန်မှာ ဂွါဒီယိုလာက “ဒါက မမှန်ပါဘူး။ ကျွန်တော်က မန်စီးတီးနည်းပြပါ။ ကျွန်တော်ဘာမှမဆုံးဖြတ်ရသေးပါဘူး၊အရာအားလုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်မသိဘူး”လို့ ဆိုခဲ့ပါတယ်။
ဒါ့အပြင် ဂွါဒီယိုလာဟာ မန်စီးတီးအသင်းအနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း သူမဆုံးဖြတ်ရသေးဘူးလို့ တုံ့ပြန်ထားပါတယ်။ ဂွါဒီယိုလာဟာ ၂၀၁၆ ကတည်းက မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား(၆)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၁)ကြိမ်၊ FA ဖလား(၂)ကြိမ်၊ လိဂ်ဖလား(၄)ကြိမ်နဲ့ ဆုဖလားအများအပြားရယူပေးထားပါတယ်။