ပြင်သစ်ပွဲနေ့မှာ ဆွီဒင်ရှိ ကလပ်ရောက်နေခဲ့တဲ့ ဘာပေကို ပြင်သစ်အသင်းဖော်တွေ ကာကွယ်
ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘာပေဟာ ပြင်သစ်အသင်းက အစ္စရေးအသင်းကို အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲနေ့မှာ ဆွီဒင်ရှိနိုက်ကလပ်ရောက်နေခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် ပြင်သစ်အသင်းဖော်တွေက သူ့ကို ကာကွယ်မှုပြုလုပ်ခဲ့ကြပါတယ်။
ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပွဲတွေမှာ ပါဝင်ကစားခဲ့ပေမယ့် ပြင်သစ်လူစာရင်းကနေ နုတ်ထွက်ခဲ့တာကြောင့် ဝေဖန်မှုအများအပြားခံနေရသူပါ။
ဆွီဒင်သတင်းစာ Aftonbladet က ဘာပေဟာ ပြင်သစ်အသင်းက အစ္စရေးအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲနေ့မှာ သူ့ရဲ့သူငယ်ချင်းဖြစ်သူနဲ့အတူ စတော့ဟုမ်းမြို့ထဲရှိ နိုက်ကလပ်တစ်ခုမှာ ရောက်နေခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘာပေအပေါ် ဝေဖန်မှုတွေက ပိုမိုများပြားလာခဲ့ပေမယ့် သူ့ရဲ့ပြင်သစ်အသင်းဖော်တွေကတော့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဘာပေကို ကာကွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းနောက်ခံလူ ဖိုဖာနာက “လူတွေအနေနဲ့ သူတို့အားလပ်ချိန်မှာ သူတို့လုပ်ချင်တာလုပ်နိုင်ပါတယ်။ ဘာပေဟာ အကောင်းဆုံးပြင်သစ်ကစားသမားဖြစ်တဲ့အတွက် လူသိရှင်ကြားလိုဖြစ်နေတာက ပုံမှန်ပါပဲ။ နောက်ထပ်အချက်အလက်တွေသိချင်ရင် ဘာပေကို သွားမေးသင့်တယ်”လို့ ဆိုခဲ့ပါတယ်။
လာဇီယိုအသင်းကွင်းလယ်လူ ဂွမ်ဒူဇီကလည်း “ဘာပေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ သံသယမရှိပါဘူး။ နိုင်ငံအသင်းအပေါ် သူ့ရဲ့စိတ်အားထက်သန်မှုတွေက မေးခွန်းထုတ်စရာမရှိပါဘူး။ သူဟာ နိုင်ငံအသင်းကို ချစ်တဲ့သူပါ။ သူ့ရဲ့အားလပ်ရက်မှာ သူလုပ်ချင်တာကို သူလုပ်နိုင်ပါတယ်”လို့ ဆိုခဲ့တာပါ။
ဘာပေနဲ့ ပတ်သက်ပြီး ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်လည်း မေးမြန်းခံခဲ့ရပြီး သူကတော့ ဒီမှာမရှိတဲ့ ကစားသမားတွေရဲ့သတင်းနောက်ကို လိုက်နေမှာမဟုတ်ဘဲ ကစားသမားတွေအနေနဲ့သူတို့ရဲ့အားလက်ရက်တွေမှာ သူတို့လုပ်ချင်တာလုပ်ခွင့်ရှိတယ်လို့ တုံ့ပြန်ထားပါတယ်။
ပြင်သစ်အသင်းဟာ ဒီနေ့မှာ ဘယ်လ်ဂျီယံအသင်းနဲ့ UEFA Nations League ပွဲစဉ်အဖြစ် ဘရက်ဆဲလ်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။