စကော့တလန်နဲ့ပွဲမှာ စီရော်နယ်ဒိုကို အနားပေးမယ်ဆိုတဲ့ ထင်ကြေးသတင်းတွေကို မာတီနက်ဇ် ငြင်းပယ်
ဒီနေ့ကစားမယ့် စကော့တလန်-ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကို အနားပေးမယ်ဆိုပြီး ထင်ကြေးသတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် နည်းပြ ရောဘတ်တိုမာတီနက်ဇ်က ပယ်ချခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းက ပိုလန်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းပါဝင်ခဲ့ပြီး (၁)ဂိုးသွင်းယူကာ ပွဲချိန်(၆၃)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
စကော့တလန်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ အသက်(၃၉)နှစ်အရွယ်ရှိ စီရော်နယ်ဒိုကို အသက်အရွယ်ကြောင့် အနားပေးမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်မှာ ဒါကို ပယ်ချခဲ့ပြီး စီရော်နယ်ဒိုဟာ စကော့တလန်အသင်းနဲ့ ပွဲစဉ်မှာ ပါဝင်မယ်လို့ ပြောခဲ့ပါတယ်။
ရောဘတ်တိုမာတီနက်ဇ်က “စီရော်နယ်ဒိုဟာ အသက်(၃၉)နှစ်အရွယ်လိုအလုပ်မလုပ်သလို ဒီအသက်အရွယ်လိုလည်းမကစားပါဘူး။ စီရော်နယ်ဒို ဒီပွဲမှာ ပါဝင်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး။ သူပွဲအစကတည်းက ပါဝင်မလား ဒါမှမဟုတ် ပွဲအဆုံးအထိပါဝင်မလားဆိုတာတော့ ကျွန်တော်မသိဘူး”လို့ ဆိုခဲ့တာပါ။
ပေါ်တူဂီအသင်းဟာ ကစားပြီးတဲ့ UEFA Nations League အုပ်စုပွဲစဉ်(၃)ပွဲစလုံးအနိုင်ရထားပြီး စီရော်နယ်ဒိုဟာ ဒီ(၃)ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ အုပ်စုပွဲတိုင်းရှုံးနိမ့်ထားတဲ့ စကော့တလန်အသင်းကို အနိုင်ရခဲ့ရင် ကွာတားဖိုင်နယ်တက်ရောက်ဖို့ သေချာမှာလည်း ဖြစ်ပါတယ်။