ဘယ်လ်ဂျီယံနဲ့ပွဲက ဆာလီဘာရဲ့ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲလို့ ဝေဖန်မှုတွေပြုလုပ်
မနေ့က ဘယ်လ်ဂျီယံ(၁-၂)ပြင်သစ် UEFA Nations League ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာဟာ ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲကစားခဲ့တယ်ဆိုပြီး ဝေဖန်မှုပြုလုပ်တာခံခဲ့ရပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းနောက်ခံလူ ကိုနာတေးနဲ့အတူ ပြင်သစ်အသင်းဗဟိုခံစစ်မှာ ပွဲထွက်လာခဲ့တဲ့ ဆာလီဘာဟာ ပွဲချိန်မိနစ်(၂၀)မှာ လိုက်ပ်ဇစ်အသင်းတိုက်စစ်ကစားသမား အိုပန်ဒါကို သူ့ရဲ့ဖျက်ထုတ်မှုကြောင့် ဘယ်လ်ဂျီယံအသင်းကို ပယ်နယ်တီကန်ခွင့်ပေးခဲ့ရတာပါ။
ဒါပေမယ့် တိုင်လီမန်စ်ရဲ့ကန်သွင်းချက်ဟာ လွဲချော်ခဲ့တာကြောင့် ပြင်သစ်အသင်းသွင်းဂိုးခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ဆာလီဘာဟာ ပွဲချိန်(၂၉)မိနစ်မှာ သူ့ရဲ့ဘောလုံးဆုံးရှုံးမှုကြောင့် ဘယ်လ်ဂျီယံအသင်းကို နောက်ထပ်ဂိုးကန်သွင်းခွင့်ပေးခဲ့ရတာပါ။ ဆာလီဘာဟာ ပထမပိုင်းမပြီးခင်မှာ အမှားအယွင်းတစ်ခုထပ်မံပြုလုပ်ခဲ့ပြီး ဒီအချိန်မှာတော့ ဘယ်လ်ဂျီယံအသင်းဟာ သွင်းဂိုးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာဟာ အမှားအယွင်းတွေကြောင့် ပွဲအပြီးမှာ ပြင်သစ်မီဒီယာတွေရဲ့ဝေဖန်မှုတွေကို ခံခဲ့ရတာပါ။
AFP က ဆာလီဘာဟာ ပြင်သစ်အတွက် အဆိုးရွားဆုံးပွဲကို ကစားခဲ့တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အခြားပြင်သစ်မီဒီယာတွေက ဆာလီဘာရဲ့စွမ်းဆောင်ရည်ကို Rating (၁၀)မှာ (၃)သာပေးခဲ့သလို Eurosport France ကလည်း ဆာလီဘာအတွက် နာကျင်စရာကောင်းတဲ့ ညနေခင်းတစ်ခုလို့ ရေးသားခဲ့တာပါ။ ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က ပထမပိုင်း(၄၅)မိနစ်အတွင်းမှာ ခံစစ်ပိုင်းအမှားတွေဟာ စိုးရိမ်စရာဖြစ်ခဲ့တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ပြင်သစ်အသင်းဟာ ဘယ်လ်ဂျီယံအသင်းကို အနိုင်ရခဲ့တာကြောင့် UEFA Nations League အုပ်စုပွဲစဉ်(၄)ပွဲကစားအပြီးမှာ ရမှတ်(၉)မှတ်ရရှိထားပြီး နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ခဲ့တာပါ။ ပြင်သစ်အသင်းဟာ နိုဝင်ဘာထဲမှာ Nations League အုပ်စုလက်ကျန်ပွဲစဉ်တွေအဖြစ် အီတလီ၊အစ္စရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။