ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးနဲ့ စီရော်နယ်ဒို ရင်ဆိုင်ခဲ့ရပြီး လုံခြုံရေးကို မာတီနက်ဇ်ဝေဖန်
မနေ့က စကော့တလန်(ဝ-ဝ)ပေါ်တူဂီ UEFA Nations League ပွဲစဉ်မှာ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုဟာ ကွင်းအတွင်းဝင်ရောက်လာတဲ့ ပရိသတ်တစ်ဦးနဲ့ရင်ဆိုင်ခဲ့ရပြီးနောက် နည်းပြ ရောဘတ်တိုမာတီနက်ဇ်က လုံခြုံရေးအပေါ် ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပရိသတ်တစ်ဦးဟာ ကြော်ငြာဆိုင်းဘုတ်တွေပေါ်ကနေ ကျော်တက်ကာ စီရော်နယ်ဒိုရှိတဲ့နေရာဆီကို ပြေးသွားခဲ့ပေမယ့် လုံခြုံရေးတွေက သူ့ကိုတားဆီးနိုင်ခဲ့တာပါ။
စမတ်ဖုန်းကို ကိုင်ဆောင်ထားတဲ့ အဆိုပါပရိသတ်ဟာ စီရော်နယ်ဒိုနဲ့ ဆယ်လ်ဖီရိုက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး သူ့ရဲ့ရည်ရွယ်ချက်မအောင်မြင်ခဲ့တာဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ပိုလန်အသင်းနဲ့ပွဲစဉ်မှာလည်း သူနဲ့ဆယ်လ်ဖီရိုက်ဖို့ ပရိသတ်တစ်ဦးရဲ့ကြိုးပမ်းမှုကို လက်ခံခဲ့တာပါ။ ပေါ်တူဂီအသင်းနည်းပြ ရောဘတ်တိုမာတီနက်ဇ်က ဒီလိုဖြစ်ရပ်တွေဟာ လက်ခံနိုင်စရာမရှိသလို အန္တရာယ်လည်းများတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။
ရောဘတ်တိုမာတီနက်ဇ်က “ဒါက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ အကြိမ်ပေါင်းများစွာဖြစ်ပျက်နေတာပါ။ ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။ မှားယွင်းတဲ့ ရည်ရွယ်ချက်နဲ့ ကွင်းထဲကို ဝင်ရောက်လာတဲ့သူရှိရင် ဒါက အလွန်အန္တရာယ်များပါတယ်။ ကျွန်တော်စိုးရိမ်တယ်”လို့ ဆိုခဲ့တာပါ။
စီရော်နယ်ဒိုဟာ ဒီပွဲမှာ ပေါ်တူဂီအသင်းနိုင်ပွဲမရရှိခဲ့တာကြောင့် စိတ်ပျက်ပြီး ပျော်ရွှင်ခြင်းမရှိတဲ့ ပုံစံတွေကို ပြသခဲ့ပါတယ်။ ပေါ်တူဂီအသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် Nations League အုပ်စုပွဲစဉ်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိထားတဲ့ မှတ်တမ်းကောင်းရပ်တန့်သွားခဲ့ပေမယ့် လာမယ့်(၂)ပွဲမှာ သရေတစ်မှတ်ရရှိတာနဲ့ ကွာတားဖိုင်နယ်ကို တက်နိုင်မှာပါ။ (၃)ပွဲဆက်အရေးနိမ့်ထားတဲ့ စကော့တလန်အသင်းကတော့ ပထမဆုံးရမှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။