အင်္ဂလန်အသင်းနည်းပြသစ်အဖြစ် တူချယ်လ်ကို ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ FA ကို ပရိသတ်တွေဝေဖန်
အင်္ဂလန်ပရိသတ်အချို့ဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း တူချယ်လ်ကို အင်္ဂလန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ဖို့ဆုံးဖြတ်ခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဆုံးဖြတ်ချက်ကို သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။
FA ဟာ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတွေမှာ ဆုဖလားအောင်မြင်မှုတွေရယူနိုင်ခဲ့တဲ့ တူချယ်လ်ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ ဆွေးနွေးမှုတွေကို အလျင်အမြန်ပြုလုပ်ခဲ့ပြီး အခုအချိန်မှာ ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲအပြီးမှာ နည်းပြရာထူးကနေ ထွက်ခွာခဲ့တဲ့ နည်းပြဟောင်း ဆောက်ဂိတ်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေနေတဲ့ကာလမှာ အင်္ဂလန်ယူ-၂၁ အသင်းနည်းပြ လီကာစလေကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ FA ဟာ နည်းပြသစ်အဖြစ် တူချယ်လ်ကို ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့တာကြောင့် တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ကိုင်တွယ်မယ့် ပထမဆုံးဂျာမန်လူမျိုးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။
အင်္ဂလန်ပရိသတ်အချို့ကတော့ အင်္ဂလန်နဲ့ ဂျာမနီတို့ရဲ့ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေကြောင့် တူချယ်လ်ကို နည်းပြသစ်အဖြစ် ခန့်အပ်တဲ့အပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် ရုပ်သံဘောလုံးပွဲဝေဖန်သုံးသပ်သူအချို့နဲ့ ကစားသမားဟောင်းတွေကလည်း တူချယ်လ်ကို အင်္ဂလန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်မယ့်အပေါ် မနှစ်သက်ကြတာပါ။ ဒါပေမယ့် အချို့ကတော့ တူချယ်လ်ဟာ အင်္ဂလန်အသင်းကို ဆုဖလားတွေရယူပေးနိုင်မယ်ဆိုပြီး အကောင်းမြင်နေကြတာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ တူချယ်လ်ကို နည်းပြသစ်အဖြစ်ခန့်အပ်မှာဖြစ်ပေမယ့် လာမယ့်နိုဝင်ဘာမှာကစားမယ့် Nations League ပွဲတွေကိုတော့ ယာယီနည်းပြ လီကာစလေကပဲ ဆက်ပြီးတာဝန်ယူဖို့ရှိနေတာပါ။ တူချယ်လ်ဟာ အင်္ဂလန်အသင်းကို နည်းပြသစ်အဖြစ် ၂၀၂၅ ဇန်နဝါရီ(၁)ရက်ကစတင်ပြီး တရားဝင်တာဝန်ယူမယ်လို့ သိရပါတယ်။