မာတင်နယ်လီရဲ့ဒဏ်ရာကို MRI ရိုက်ခဲ့ရပြီး အာဆင်နယ်ရဲ့ဒဏ်ရာပြဿနာ ပိုဆိုးလာခဲ့

0

ဘရာဇီးလ်တောင်ပံကစားသမား မာတင်နယ်လီဟာ MRI စကန်ရိုက်ခဲ့တယ်ဆိုပြီး ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် အာဆင်နယ်အသင်းရဲ့ဒဏ်ရာ ပြဿနာဟာ ပိုပြီးဆိုးလာခဲ့ပါတယ်။ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်(CBF)က မာတင်နယ်လီဟာ ညာဘက်ခြေသလုံးရောင်ရမ်းနေပြီး ကုသမှုခံယူနေရတယ်လို့ အတည်ပြုထားတာပါ။

မာတင်နယ်လီဟာ ဘရာဇီးလ်အသင်းက ချီလီအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပေမယ့် MRI စကန်ရိုက်ခဲ့ရတာကြောင့် ပီရူးအသင်းနဲ့ပွဲစဉ်ကို လွဲချော်ဖို့ရှိနေတာဖြစ်ပါတယ်။ မာတင်နယ်လီမတိုင်ခင် ဆာကာကလည်း ဂရိအသင်းနဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့ကာ အာဆင်နယ်အသင်းထံ ပြန်ရောက်လာခဲ့ပါတယ်။

ဆာကာရဲ့ဒဏ်ရာအခြေအနေသာမသက်သာရင် အာဆင်နယ်အသင်းဟာ လာမယ့် ဘုန်းမောက်အသင်းနဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အဓိကတောင်ပံကစားသမား(၂)ဦးမပါဝင်ဘဲ ယှဉ်ပြိုင်ရဖို့ရှိနေတာပါ။ အာဆင်နယ်အသင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ ကိုင်ဟာဗက်ဇ်ဟာ ဒူးဒဏ်ရာကြောင့် ဂျာမနီအသင်းလူစာရင်းကနေ ထွက်ခွာထားသလို အသင်းခေါင်းဆောင် အော်ဒီဂါကလည်း နိုဝင်ဘာအထိ အနားယူရဖို့ရှိနေတာဖြစ်ပါတယ်။

ဒါ့အပြင် ဘင်ဝှိုက်၊တင်ဘာနဲ့ ဇင်ချန်ကိုတို့ရဲ့ကြံ့ခိုင်မှုအတွက်လည်း မေးခွန်းတွေရှိနေတာပါ။ အာဆင်နယ်အသင်းကတော့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကစားသမားအချို့ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်နေတာပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားအပြီးမှာ ရှုံးပွဲမရှိ ရမှတ်(၁၇)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၃)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *