ဟူဂိုဗီယာနာကို ခန့်အပ်မှုက မိမိ မန်စီးတီးထံသွားမယ်လို့ မဆိုလိုကြောင်း အာမိုရင် တုံ့ပြန်
စပို့တင်းလစ္စဘွန်းအသင်းနည်းပြ အာမိုရင်က သူတို့ရဲ့အားကစားအကြီးအကဲ ဟူဂိုဗီယာနာကို မန်စီးတီးအသင်းခန့်အပ်မှုက မန်စီးတီးအသင်းထံ သူသွားမယ်လို့မဆိုလိုကြောင်း Cabine Desportiva နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ တုံ့ပြန်ထားပါတယ်။
အာမိုရင်ဟာ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာရဲ့နေရာမှာအစားထိုးဝင်ရောက်ပြီး မန်စီးတီးအသင်းနည်းပြသစ်ဖြစ်လာနိုင်တဲ့သူအဖြစ် နာမည်ကြီးနေတဲ့သူပါ။
မန်စီးတီးအသင်းနဲ့ ဂွါဒီယိုလာတို့ချုပ်ဆိုထားတဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှုမရရှိသေးတာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့အနာဂတ်မရေရာချိန်မှာ အာမိုရင်ဟာ သူ့ရဲ့နေရာကို ဝင်ရောက်မယ့်သူအဖြစ် ဗြိတိန်မီဒီယာတွေက ဖော်ပြလာခဲ့တာပါ။ အာမိုရင်နဲ့ ရင်းနှီးပြီးဆက်ဆံရေးကောင်းတွေရှိတဲ့ ဟူဂိုဗီယာနာဟာ လာမယ့်နှစ်မှာ မန်စီးတီးအသင်းရဲ့ဘောလုံးဒါရိုက်တာရာထူးကို ရယူတော့မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အာမိုရင်နဲ့ မန်စီးတီးအသင်းတို့ရဲ့သတင်းဟာ ပိုပြီးထွက်ပေါ်လာခဲ့ပါတယ်။
အာမိုရင်က “ဗီယာနာနဲ့ ကျွန်တော်ဟာ မတူညီတဲ့ သီးခြားလမ်းမှာရှိနေပါတယ်။ သူ့ကိုခန့်အပ်မှုက ကျွန်တော်မန်စီးတီးအသင်းထံ သွားမယ်လို့ မဆိုလိုပါဘူး။ ကျွန်တော်တို့မှာ အလွန်ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဆက်ဆံရေးရှိပါတယ်။ စပို့တင်းနဲ့ပတ်သက်ပြီး ရာသီအကုန်ထိ အားလုံးအတူတူပါပဲ”လို့ ဆိုခဲ့ပါတယ်။
မန်စီးတီးနဲ့ စပို့တင်းလစ္စဘွန်းအသင်းတို့ဟာ လာမယ့်လထဲ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တွေ့ဆုံဖို့ရှိနေပြီး အာမိုရင်ကတော့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ အတွက် ဒီပွဲမှာ ဟူဂိုဗီယာနာကို သူတို့ရဲ့အဝတ်လဲခန်းထဲ ဝင်ရောက်ခွင့်ပေးမှာမဟုတ်ဘူးလို့လည်း ဆိုခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချဖို့အတွက် အချိန်ယူရမယ်လို့ ပြောထားပြီး မန်စီးတီးအသင်းဟာ သူ့ကိုဆက်ထိန်းသိမ်းဖို့ ကြိုးပမ်းဖွယ်ရှိနေတာ ဖြစ်ပါတယ်။