ဆော်ဒီမှာကျင်းပတဲ့ တင်းနစ်ပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုကို နေမာ ကြုံတွေ့ခဲ့ရ

0

ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ကြာသပတေးနေ့ညက ဆော်ဒီနိုင်ငံမှာကျင်းပတဲ့ ‘6 Kings Slam’ တင်းနစ်သရုပ်ပြပြိုင်ပွဲမှာ ပရိသတ်အချို့ရဲ့လှောင်ပြောင်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နေမာဟာ ပြိုင်ပွဲကျင်းပမယ့် ကွင်းထဲကို ရောက်ရှိလာချိန်မှာ ကွင်းအတွင်းစုဝေးနေကြတဲ့ ပရိသတ်အချို့ရဲ့ကျယ်လောင်စွာလှောင်ပြောင်မှုကို ခံခဲ့ရတာဖြစ်ပြီး “ရော်နယ်ဒို၊ရော်နယ်ဒို”ဆိုတဲ့ အော်သံတွေကိုလည်း ကြားခဲ့ရတာပါ။

နေမာဟာ ၂၀၂၃ နွေရာသီက PSG အသင်းကနေ အယ်လ်ဟီလယ်အသင်းထံ ပေါင်(၇၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး (၂)နှစ်စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် (၅)ပွဲသာပါဝင်ကစားခဲ့ပြီးနောက် ဘရာဇီးလ်အသင်းအတွက် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲပါဝင်ကစားရင်း (ACL) ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ခွဲစိတ်မှုခံယူခဲ့ရပြီး အနားယူနေခဲ့ရတာပါ။ နေမာဟာ အခုချိန်ထိ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်ကစားနိုင်ခြင်းမရှိသေးတဲ့အပေါ် တင်းနစ်ပြိုင်ပွဲကိုရောက်ရှိလာချိန်မှာ ပရိသတ်အချို့ရဲ့တုံ့ပြန်မှုကို ခံခဲ့ရတာဖြစ်နိုင်ပါတယ်။

နေမာဟာ ဒီတင်းနစ်သရုပ်ပြပွဲမှာ စပိန်တင်းနစ်ဂန္ထဝင် နဒါးလ်၊ကြယ်ပွင့်ကစားသမား အယ်လ်ကာရက်ဇ်တို့နဲ့တွေ့ဆုံနှုတ်ဆက်မှုတွေပြုလုပ်ခဲ့တာပါ။ 6 Kings Slam သရုပ်ပြပြိုင်ပွဲမှာ နဒါးလ်၊ ဂျိုကိုဗစ်၊ အယ်လ်ကာရက်ဇ်၊မက်ဗီဒက်ဗ်၊ စင်နာနဲ့ ရူနီတို့ ပါဝင်ခဲ့ကြပြီး စင်နာနဲ့ အယ်လ်ကာရက်ဇ်တို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အနိုင်ရတဲ့သူဟာ ဆုကြေးငွေပေါင်(၄.၆)သန်းအထိ ရရှိမယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်လာတဲ့သတင်းတွေမှာ နေမာဟာ လာမယ့်အပတ်မှာ ကစားမယ့် AFC ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အယ်လ်ဟီလယ်အသင်းအတွက် ကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်မယ်လို့ ဖော်ပြထားပါတယ်။ အယ်လ်ဟီလယ်အသင်းနဲ့ နေမာတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် စာချုပ်ကုန်ဆုံးမှာဖြစ်လို့ စာချုပ်သက်တမ်းတိုးမလား အလွတ်နဲ့ ထွက်ခွာခွင့်ပေးမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *