ဟောင်းဝပ်ဝက်ဘ်က ဆာလီဘာကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက်မှာ ပါဝင်ခဲ့တယ်ဆိုတဲ့အပေါ် Sky Sport ပယ်ချ

0

မနေ့က ဘုန်းမောက်(၂-ဝ)အာဆင်နယ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနောက်ခံလူ ဆာလီဘာကို တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှာ အင်္ဂလန်ပရော်ရှင်နယ်ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)ရဲ့အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ပါဝင်ခဲ့တယ်ဆိုတဲ့ ပရိသတ်တချို့ရဲ့‌ဝေဖန် ပြောဆိုမှုတွေကို Sky Sports က ပယ်ချခဲ့ပါတယ်။

ပြင်သစ်နောက်ခံလူ ဆာလီဘာဟာ ဘုန်းမောက်တိုက်စစ်မှူး အီဗာနယ်လ်ဆန်ကို ဆွဲလှဲခဲ့တာကြောင့် ကနဦးအဝါကတ်ပြသခံခဲ့ရပေမယ့် ကွင်းလယ်ဒိုင်လူကြီးက ကွင်းအတွင်းရှိ VAR မော်နီတာကို သွားရောက်ကြည့်ရှုအပြီးမှာတော့ အဝါကတ်ကို ပယ်ဖျက်ကာ တိုက်ရိုက်အနီကတ်ပြသခဲ့တာပါ။

အာဆင်နယ်အသင်းတာဝန်ရှိသူ‌တွေဟာ ဆာလီဘာကို အနီကတ်ပြသခဲ့တဲ့ ဆုံးဖြတ်ချက်ကို စိတ်ပျက်နေပေမယ့် ပရီးမီးယားလိဂ်ကစားသမားဟောင်းတွေဖြစ်တဲ့ ဝဲလ်ကော့နဲ့ ဂျေမီရက်နက်ပ်တို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကို VAR က စစ်ဆေးနေချိန်မှာ PGMOL အကြီးအကဲ ဟောင်းဝပ်ဝက်ဘ်ဟာ ဖုန်းပြော၊ စာရိုက်နေတာကြောင့် ဒီဆုံးဖြတ်ချက်အပေါ် သူ့ရဲ့ လွှမ်းမိုးစွက်ဖက်မှုရှိနိုင်တယ်ဆိုပြီး အာဆင်နယ်အသင်းပရိသတ်အများအပြားက မေးခွန်းထုတ်ခဲ့ကြပါတယ်။

လီဗာပူးလ်ဂန္ထဝင် ကာရေဂါနဲ့ အားကစားအစီအစဉ်တင်ဆက်သူ ရစ်ချတ်ကီးတို့ကလည်း ဆာလီဘာကို ထုတ်ပယ်ခဲ့တဲ့ ဖြစ်ရပ်မှာ ဟောင်းဝပ်ဝက်ဘ်ပါဝင်ခဲ့သလားဆိုပြီး မေးခွန်းထုတ်တဲ့ သူတွေထဲမှာတောင် ပါဝင်ခဲ့ကြတာပါ။ ကာရေဂါဟာ သူ့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပေမယ့် နောက်ပိုင်းမှာ ပို့စ်ကို ပြန်ဖျက်ခဲ့တာဖြစ်ပါတယ်။ Sky Sports ရဲ့အစီအစဉ်တင်ဆက်သူ ဒေးဗစ်ဂျုံးစ်က ဟောင်းဝပ်ဝက်ဘ်ဟာ ဆာလီဘာရဲ့အနီကတ်အတွက် တာဝန်ရှိသူတွေရဲ့ဆက်သွယ်ပြောဆိုမှုတွေကို နားထောင်ခဲ့ပေမယ့် ဆုံးဖြတ်ချက်ထဲမှာ သူပါဝင်ခဲ့ခြင်းမရှိဘူးလို့ ပွဲအပြီးမှာ ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီရှုံးပွဲကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပထမဆုံးပရီးမီးယားလိဂ်ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။ အာဆင်နယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၃)ပွဲမြောက် တစ်ဦးလျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ အနီကတ်ပြသခံခဲ့ရတဲ့ ဆာလီဘာဟာ လာမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွချော်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *