မြေးဖြစ်သူရုတ်တရက်ကွယ်လွန်ခဲ့လို့ ဘန်စလေနဲ့ပွဲမှာ ဘလက်ပူးလ်ကို စတိဗ်ဘရုစ် ကိုင်တွယ်နိုင်ခြင်းမရှိခဲ့
ဘလက်ပူးလ်အသင်းနည်းပြ စတိဗ်ဘရုစ်ဟာ သူ့ရဲ့မြေးဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မနေ့က ကစားခဲ့တဲ့ဘလက်ပူးလ် (၁-၂) ဘန်စလေ လိဂ်ဝမ်းပွဲစဉ်ကို ကိုင်တွယ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရပါတယ်။
စတိဗ်ဘရုစ်ရဲ့မြေးဖြစ်သူ (၄)လသားအရွယ်သာရှိသေးတဲ့ မက်ဒီဆင်ဟာ ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်လို့ ဘလက်ပူးလ်အသင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
မက်ဒီဆင်ဟာ စတိဗ်ဘရုစ်ရဲ့သမီးဖြစ်သူနဲ့ ဖူလ်ဟမ်၊ QPR ၊ မီလ်ဝေါအသင်းတွေမှာကစားခဲ့တဲ့ သားမက်ဖြစ်သူ မတ်စမစ်တို့ရဲ့ကလေးဖြစ်ပါတယ်။ ဝမ်းနည်းကြေကွဲဖွယ်သတင်းကြားရပြီးနောက်မှာ အဆိုပါလန်ဒန်ကလပ်(၃)သင်းစလုံးဟာ ဝမ်းနည်းကြောင်းနဲ့ မတ်စမစ်ကို အားပေးမှုတွေပြုလုပ်တဲ့ မက်ဆေ့ချ်တွေပေးပို့ခဲ့ကြပါတယ်။ စတိဗ်ဘရုစ်ရဲ့သားနဲ့ မက်ဒီဆင်ရဲ့ဦးလေးဖြစ်သူ အဲလက်စ်ဘရုစ်ဟာလည်း ဆဲလ်ဖိုဒ့်အသင်းရဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။
အဲလက်စ်ဘရုစ်ဟာ ဆဲလ်ဖိုဒ့်စီးတီးအသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူထားတာဖြစ်ပါတယ်။ ဘောလုံးလောကနဲ့ (၂)နှစ်နီးပါးကြာဝေးကွာခဲ့တဲ့ အသက်(၆၃)နှစ်အရွယ်ရှိ စတိဗ်ဘရုစ်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာက (၂)နှစ်စာချုပ်နဲ့ ဘလက်ပူးလ်အသင်းရဲ့နည်းပြအဖြစ်ခန့်အပ်ခြင်းခံခဲ့ရတာပါ။ စတိဗ်ဘရုစ်ဟာ ဘလက်ပူးလ်အသင်းကို (၇)ပွဲကိုင်တွယ်ထားရာမှာ (၁)ပွဲသာရှုံးပွဲကြုံတွေ့ထားပြီး (၄)ပွဲအနိုင်ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ဘလက်ပူးလ်အသင်းဟာ လာမယ့်ရာသီ ချန်ပီယံရှစ်ပြိုင်ပွဲထံ တန်းပြန်တက်နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။