မန်ယူနိုက်တက်ပွဲကို မကြည့်ဘဲ အသင်းဟောင်း အဘာဒင်းရဲ့ပွဲကို ဖာဂူဆန် တက်ရောက်ကြည့်ရှု

0

ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းက ဘရန်ဖိုဒ့်အသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို မကြည့်ဘဲ Celtic Park ကိုလာရောက်ကာ ဆဲလ်တစ်နဲ့ အဘာဒင်းအသင်းတို့(၂-၂)ဂိုးစီသရေကျခဲ့တဲ့ စကော့တလန်ပရီးမီးယားရှစ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုခဲ့ပါတယ်။

ဒီပွဲရဲ့ပထမပိုင်းမှာ အဘာဒင်းအသင်းဟာ ဆဲလ်တစ်အသင်းရဲ့(၂-ဝ)ဂိုးနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုး(၂)ဂိုးသွင်းပြီး ဒီရာသီမှာ ရှုံးပွဲမရှိသေးတဲ့ မှတ်တမ်းကောင်းကို ဆက်ပြီးထိန်းသိမ်းနိုင်ခဲ့တာပါ။

ဆာအဲလက်စ်ဖာဂူဆန်ဟာ အဘာဒင်းအသင်းကို ၁၉၇၈ ကနေ ၁၉၈၆ အထိကိုင်တွယ်ခဲ့ပြီး ဥရောပဖလားနဲ့ ဥရောပစူပါဖလားအပါအဝင် ပြည်တွင်းဖလားအများအပြားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ဆဲလ်တစ်နဲ့ အဘာဒင်းအသင်းတို့ရဲ့ပွဲကိုကြည့်ပြီး ပွဲကြည့်စင်ပေါ်မှာ ပြုံးရွှင်နေတဲ့ ပုံရိပ်တွေကိုလည်း မြင်တွေ့ခဲ့ရတာပါ။ ဆာအဲလက်စ်ဖာဂူဆန်ဟာ မကြာသေးခင်ကမှ တစ်နှစ်ကို ပေါင်(၂)သန်းဝန်းကျင်ရရှိနေတဲ့ မန်ယူနိုက်တက်အသင်းရဲ့သံတမန်ရာထူးကနေ ဖယ်ရှားခြင်းခံထားရတာဖြစ်ပါတယ်။

ဒါ့အပြင် ဆာအဲလက်စ်ဖာဂူဆန်ဟာ မန်ယူနိုက်တက်အသင်းရဲ့အခြားဘုတ်အဖွဲ့ဝင်တွေနဲ့အတူ ကလပ်အသင်းအဝတ်လဲခန်းရဲ့အဝေးမှာနေဖို့ ညွှန်ကြားခြင်းခံထားရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဆာအဲလက်စ်ဖာဂူဆန်ကို သံတမန်ရာထူးကနေ ဖယ်ရှားခဲ့ပေမယ့် အမှုဆောင်မဟုတ်တဲ့ ဒါရိုက်တာရာထူးဆက်ပေးထားပြီး အိုးထရက်ဖိုဒ့်မှာ သူ့ကို အမြဲတမ်းကြိုဆိုနေမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူနိုက်တက်အသင်းနဲ့ ဘရန်ဖိုဒ့်အသင်းတို့ပွဲစဉ်ကို ဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် တက်ရောက်မကြည့်ရှုခဲ့ပေမယ့် မန်ယူနိုက်တက်အသင်းဟာ အရှုံးကနေ အနိုင်ရအောင်ကစားပြီး ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကို အဆုံးသတ်နိုင်ခဲ့ကာ နည်းပြ အဲရစ်တန်ဟတ်အတွက်လည်း ဖိအားအနည်းငယ်လျော့ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *