စာချုပ်သစ်ချုပ်ပြီး လီဗာပူးလ်မှာ ဆာလာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ကာရေဂါ ဆို
ရုပ်သံဘောလုံးဝေဖန်သုံးသပ်သူအဖြစ်ဆောင်ရွက်နေတဲ့ နောက်ခံလူဟောင်း ကာရေဂါက တိုက်စစ်ကစားသမား ဆာလာကို စာချုပ်သစ်ချုပ်ပြီး လီဗာပူးလ်အသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ လီဗာပူးလ်(၂-၁)ချယ်လ်ဆီးပွဲမှာ ပယ်နယ်တီကနေ ဂိုးသွင်းယူခဲ့တဲ့ ဆာလာဟာ လီဗာပူးလ်အသင်းအတွက်ကစားထားတဲ့ ပွဲပေါင်း(၃၆၀)မှာ (၂၁၈)ဂိုးသွင်းယူထားပြီး လီဗာပူးလ်အသင်းရဲ့ဂန္ထဝင်တစ်ဦးအဖြစ် သက်သေပြထားသူပါ။
ဆာလာဟာ လီဗာပူးလ်အသင်းရဲ့(၁၃၂)နှစ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် တတိယနေရာမှာ ရပ်တည်နေသလို ပရီးမီးယားလိဂ်သွင်းဂိုး(၁၆၀)နဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးနံပတ်(၉)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ ဆာလာအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ နောက်ထပ်သွင်းဂိုးတွေသွင်းယူနိုင်မယ်ဆိုရင် ဒီထက်ပိုပြီးအဆင့်တက်နိုင်ဖို့ ရှိနေတာပါ။ ဒါပေမယ့် ဆာလာနဲ့ လီဗာပူးလ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးပြီဖြစ်ပါတယ်။
။
ကာရေဂါကတော့ ဆာလာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးနေရာမှာ နာမည်ကြီးကစားသမားတွေရဲ့အထက်ကို ရောက်ရှိဖို့အတွက် စာချုပ်သစ်ချုပ်ဆိုပြီး လီဗာပူးလ်အသင်းမှာ ဆက်ရှိမယ်လို့ ယုံကြည်ကြောင်း Sky Sports မှာဆိုခဲ့တာပါ။ ဆာလာဟာ ပြီးခဲ့တဲ့ မန်ယူနိုက်တက်အသင်းနဲ့ ပွဲအပြီးမှာ ဒီရာသီဟာ သူ့ရဲ့လီဗာပူးလ်အသင်းကစားသမားဘဝ နောက်ဆုံးရာသီဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။
လီဗာပူးလ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရရှိသေးတဲ့ ဆာလာကို ခေါ်ယူဖို့ ဆော်ဒီပရိုလိဂ်ကလပ်အသင်းတွေက စောင့်ကြည့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။