တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံမှာ နည်းပြကို ထုတ်ပယ်ကြောင်း မောင့်ပယ်လီယာဥက္ကဋ္ဌ ကြေညာ
မောင့်ပယ်လီယာအသင်းဥက္ကဋ္ဌ လောရင့်နီကိုလင်ဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ ရုပ်သံမှာ နည်းပြ ဇာခါရီယန်ကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ပြင်သစ်ဘောလုံးပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။
မောင့်ပယ်လီယာအသင်းဟာ မနေ့က ကစားခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်မှာ မာဆေးလ်အသင်းကို (ဝ-၅)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ပြီးနောက် ဒီရာသီကစားထားတဲ့ လိဂ်ပွဲစဉ်(၈)ပွဲမှာ နိုင်ပွဲ(၁)ပွဲသာ ရရှိကာ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာပါ။
အဲ့ဒါကြောင့် မောင့်ပယ်လီယာအသင်းဥက္ကဋ္ဌဟာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ရုပ်သံ DAZN France နဲ့ ပွဲအပြီး အင်တာဗျူးမှာ နည်းပြ ဇာခါရီယန်ကို ထုတ်ပယ်တဲ့ ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။ မောင့်ပယ်လီယာအသင်းဥက္ကဋ္ဌက “ကျွန်တော်တို့ ကစားသမား(၂၅)ဦးကို အပြောင်းအလဲပြုလုပ်ဖို့မဖြစ်နိုင်တာကြောင့် နည်းပြနဲ့ လက်တွဲလုပ်ဆောင်နေတာကို ရပ်တန့်ဖို့ဆုံးဖြတ်ခဲ့တယ်”လို့ ပြောခဲ့ပြီး ပရိသတ်တွေကို အံ့အားသင့်စေခဲ့တာပါ။
ဒါ့အပြင် ဥက္ကဋ္ဌဖြစ်သူက နည်းပြဖြစ်သူ ဇာခါရီယန်အလုပ်ဆုံးရှုံးသွားတဲ့အတွက် မောင့်ပယ်လီယာကစားသမားတွေကို အပြစ်တင်ခဲ့ပြီး လာမယ့် လီဂူး-၁ပွဲစဉ်မှာ ပိုကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပြသဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဇာခါရီယန်ဟာ မောင့်ပယ်လီယာအသင်းကို ၂၀၁၇ ကနေ ၂၀၂၁ အထိပထမအကြိမ်ကိုင်တွယ်ခဲ့ပြီး ၂၀၂၃ ဖေဖော်ဝါရီမှာ ဒုတိယအကြိမ်မြောက်ကိုင်တွယ်ဖို့ ရောက်ရှိလာခဲ့တာပါ။ ဇာခါရီယန်ဟာ မောင့်ပယ်လီယာအသင်းမှာ ကစားသမားအဖြစ်(၁၀)စုနှစ်တစ်ခုကြာ ကစားခဲ့သေးတာဖြစ်ပါတယ်။
မောင့်ပယ်လီယာအသင်းဟာ နည်းပြဟောင်း ဇာခါရီယန်ရဲ့နေရာမှာ အစားထိုးဖို့ နည်းပြသစ်ရှာဖွေမှုတွေပြုလုပ်နေပြီး လာမယ့်ပြင်သစ်လီဂူး-၁ ပွဲစဉ်အဖြစ် တူးလူးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။