ဒိုင်လူကြီးတွေအပေါ် ပြောခဲ့တဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ဂယ်ရီအိုနေးလ်ကို FA ဆက်သွယ်

0

ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ အသင်းကြီးတွေအပေါ် သူတို့ရဲ့မသိစိတ်ကနေ ဘက်လိုက်မှုတွေရှိနေနိုင်တယ်ဆိုပြီး ပြောခဲ့တဲ့မှတ်ချက်နဲ့ ပတ်သက်ပြီး ရှင်းပြမှုပြုလုပ်ဖို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ရဲ့ဆက်သွယ်ခြင်းကို ခံထားရပါတယ်။

ဂယ်ရီအိုနေးလ်ဟာ ဝုလ်ဗ်စ်အသင်းက မန်စီးတီးအသင်းကို (၁-၂)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲအပြီး မီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တဲ့ မှတ်ချက်စကားတွေကြောင့် FA ရဲ့အရေးယူခြင်းကို ခံလာရဖွယ်ရှိနေတာပါ။

ဒီပွဲစဉ်ရဲ့မိနစ်(၉၀)ပြည့်ပြီး ထပ်ဆောင်းအချိန်ပိုမှာ မန်စီးတီးအသင်းနောက်ခံလူ ဂျွန်စတုန်းစ်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တဲ့အပေါ် ဂယ်ရီအိုနေးလ်က စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ ဂျွန်စတုန်းစ်ဂိုးသွင်းယူချိန်မှာ မန်စီးတီးအသင်းကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားဟာ ဝုလ်ဗ်စ်အသင်းဂိုးသမား ဆာရဲ့အရှေ့မှာ ရှိနေတာကြောင့် လူကျွံဘောဆိုပြီး သွင်းဂိုးကို အစပိုင်းက ခွင့်ပြုခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် ကွင်းလယ်ဒိုင်လူကြီးဟာ ကွင်းဘေးမှာရှိတဲ့ VAR မော်နီတာကို သွားရောက်ကြည့်ရှုအပြီးမှာတော့ ဂျွန်စတုန်းစ်ရဲ့သွင်းဂိုးကို ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့် ဝုလ်ဗ်စ်အသင်းနည်းပြ ဂယ်ရီအိုနေးလ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ အသင်းကြီးတွေကို သူတို့ရဲ့မသိစိတ်တွေထဲကနေ ဘက်လိုက်မှုရှိနေနိုင်တယ်ဆိုပြီး မှတ်ချက်ပေးခဲ့တာပါ။ အခုအချိန်မှာတော့ ဂယ်ရီအိုနေးလ်ဟာ သူ့ရဲ့မှတ်ချက်ကို FA ထံရှင်းပြရတော့မှာဖြစ်ပြီး အရေးယူမှုခံရလာနိုင်တယ်လို့ သိရပါတယ်။ ဝုလ်ဗ်စ်အသင်းဟာ မန်စီးတီးအသင်းကို အရေးနိမ့်ခဲ့တာကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲကစားအပြီးမှာ ရမှတ်(၁)မှတ်သာရရှိကာ အမှတ်ပေးဇယားအဆင့်(၂၀)နေရာမှာ ရပ်တည်နေတာပါ။

ဝုလ်ဗ်စ်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းအိမ်ကွင်းသွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပထမဆုံးလိဂ်နိုင်ပွဲရယူနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *