X ဆိုရှယ်မီဒီယာအကောင့် Hack ခံရပြီးနောက် အာဒါဂူလာကို ခေါ်ယူမှု ဂျူဗင်တပ်စ် ငြင်းဆန်

0

ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့ဆိုရှယ်မီဒီယာတွေထဲက တစ်ခုဖြစ်တဲ့ X ဆိုရှယ်မီဒီယာအကောင့် Hack ခံရပြီးနောက် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် အာဒါဂူလာကို ခေါ်ယူခဲ့ကြောင်း ကြေညာခဲ့မှုကို ငြင်းဆန်ခဲ့ပါတယ်။

အပြောင်းအရွှေ့ဈေးကွက်ပိတ်သွားခဲ့ပြီဖြစ်ပေမယ့် ဂျူဗင်တပ်စ်အသင်းရဲ့ X ဆိုရှယ်မီဒီယာအကောင့်မှာ လေဆိပ်ရောက်ရှိနေတဲ့ အာဒါဂူလာရဲ့ပုံကို တင်ခဲ့တာကြောင့် ပရိသတ်တွေဟာ အံ့အားသင့်ခဲ့ကြတာပါ။

အာဒါဂူလာရဲ့ပုံနဲ့ တင်ထားခဲ့တဲ့ပို့စ်မှာ “ဂျူဗင်တပ်စ်မှ ကြိုဆိုပါတယ် အာဒါဂူလာ။ ဘောလုံးလောကရဲ့ကြယ်ပွင့်ဟာ အခုအချိန်မှာ ဂျူဗင်တပ်စ်မိသားစုရဲ့အစိတ်အပိုင်းဖြစ်သွားပြီ”လို့ ရေးသားထားတာဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ သူတို့ရဲ့အီတလီအကောင့်ကနေ သူတို့ရဲ့အင်္ဂလိပ်အကောင့် Hack ခံထားရကြောင်းနဲ့ ဒီအကောင့်မှာတင်နေတဲ့ မှားယွင်းတဲ့အချက်အလက်တွေကို ကျေးဇူးပြုပြီး လျစ်လျူရှုဖို့ ရေးသားကာ အခြေအနေတွေကို ဖြေရှင်းခဲ့တာပါ။

အာဒါဂူလာဟာ ၂၀၂၃ နွေရာသီက ဖီနာဘာချီအသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ပြိုင်ပွဲစုံ(၂၂)ပွဲပါဝင်ကစားထားရာမှာ (၆)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။ အာဒါဂူလာဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ပွဲထွက်လူစာရင်းပါဝင်ဖို့ ခက်ခဲနေတာကြောင့် ကလပ်အသင်းအချို့က သူ့ကို အငှားနဲ့ ခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကိုထွက်ခွာခွင့်ပြုဖို့ အစီအစဉ်မရှိဘူးလို့ သိရပါတယ်။

အသက်(၁၉)နှစ်အရွယ်ရှိ အာဒါဂူလာဟာ တူရကီလက်ရွေးစင်အသင်းအတွက် (၁၆)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားကာ ပြီးခဲ့တဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ ဂိုးသွင်း၊ဂိုးဖန်တီးမှုပြုလုပ်ပြီးနောက် စံချိန်မှတ်တမ်းအချို့ကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *