ဘိုလော့ဂ်နာနဲ့ပွဲမှာ လူစားလဲခံရပြီးနောက် အက်စတွန်ဗီလာတိုက်စစ်မှူး ဒူရန် ဒေါသပေါက်ကွဲ

0

မနေ့က အက်စတွန်ဗီလာ(၂-ဝ)ဘိုလော့ဂ်နာ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းတိုက်စစ်မှူး ဒူရမ်ဟာ လူစားလဲခံရပြီးနောက် အရန်ခုံတန်းပေါ်မှာ ဒေါသပေါက်ကွဲနေခဲ့ပါတယ်။

ဒူရန်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၆၄)မိနစ်မှာ အက်စတွန်ဗီလာအသင်းရရှိတဲ့ ဒုတိယမြောက်ဂိုးကိုသွင်းယူကာ အောင်ပွဲခံမှုတွေပြုလုပ်ပြီးနောက် (၂)မိနစ်ကြာ(၆၆)မိနစ်မှာ တိုက်စစ်မှူး ဝက်ကင်စ်နဲ့ လူစားလဲမှုပြုလုပ်တာ ခံခဲ့ရတာပါ။

ကိုလံဘီယာတိုက်စစ်မှူး ဒူရန်ဟာ လူစားလဲခံရအပြီးမှာ အလွန်စိတ်ပျက်တဲ့ပုံစံနဲ့ အရန်ခုံတန်းပေါ်ကို တက်ကာ ထိုင်ခုံကို ကန်ကျောက်ပြီး လက်သီးနဲ့ ထိုးတာတွေကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဒူရန်ဟာ သူ့အတွက် ပထမဆုံးချန်ပီယံလိဂ်ပွဲစတင်မှုအဖြစ် ဘိုလော့ဂ်နာအသင်းနဲ့ပွဲမှာ ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ဒူရန်ဟာ ပွဲချိန်အပြည့်မကစားခဲ့ရဘဲ လူစားလဲခံရတဲ့အပေါ် ဒေါသထွက်နေခဲ့တာဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ဒူရန်ရဲ့တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးလို့ ပြောခဲ့ကာ သူဟာ ဒီပွဲမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် နောက်ထပ်သွင်းဂိုးတွေ ထပ်ပြီးသွင်းယူချင်ခဲ့တာလို့ ပွဲအပြီးမီဒီယာသမားတွေနဲ့တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။ အသက်(၂၀)နှစ်အရွယ်သာရှိသေးတဲ့ ဒူရန်ဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် (၁၂)ပွဲကစားထားပြီး (၇)ဂိုးသွင်းယူကာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားတာပါ။

အက်စတွန်ဗီလာအသင်းဟာ ဘိုလော့ဂ်နာအသင်းကို အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၃)ပွဲစလုံးအနိုင်ရရှိကာ ပေးဂိုးခွင့်မပြုရသေးဘဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ အက်စတွန်ဗီလာအသင်းဟာ နောက်ထပ်ကစားဖို့ရှိနေတဲ့ (၅)ပွဲထဲမှာ နောက်ထပ်(၂)ပွဲအနိုင်ရရှိတာနဲ့ Round of 16 ကိုတက်ရောက်နိုင်ဖို့ နီးစပ်သွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *