အနားယူတာနေ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ ရိုးမားနဲ့ အီတလီဂန္ထဝင် တော့တီ အရိပ်အမြွက်ဆို

0

စီးရီးအေကလပ်အသင်းအချို့ရဲ့စိတ်ဝင်စားမှုခံနေရတဲ့ အသက်(၄၈)နှစ်အရွယ်ရှိ ရိုးမားနဲ့ အီတလီဂန္ထဝင် တော့တီဟာ အနားယူတာကနေ ဘောလုံးပြန်ကစားနိုင်ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်လျှောက်လုံး ရိုးမားအသင်းတစ်သင်းတည်းမှာသာ သစ္စာရှိရှိကစားခဲ့တဲ့ တော့တီဟာ ၂၀၁၇ က ကစားသမားဘဝကနေ အနားယူခဲ့တာပါ။

တော့တီဟာ ရိုးမားအသင်းအတွက် (၇၈၆)ပွဲကစားခဲ့ပြီး (၃၀၇)ဂိုးသွင်းယူကာ စီးရီးအေ၊ကိုပါအီတာလီယာနဲ့ အီတလီစူပါဖလားတို့ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ တော့တီဟာ အီတလီလက်ရွေးစင်အသင်းအတွက် (၅၈)ပွဲကစားခဲ့ပြီး (၉)ဂိုးသွင်းယူကာ ၂၀၀၆ ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့တာပါ။ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ တော့တီဟာ စီးရီးအေကလပ်အသင်းတွေရဲ့ချဉ်းကပ်မှုတွေကို ခံနေရတယ်လို့ Gazzetta dello Sport နဲ့ အင်တာဗျူးမှာ ဆိုခဲ့ပါတယ်။

တော့တီက “စီးရီးအေအသင်းအချို့က ကျွန်တော့်ကို ဆက်သွယ်ခဲ့ပြီး သူတို့တွေက ကျွန်တော့်ကို အနည်းငယ်ရူးသွပ်စေတယ်ဆိုတာ ဝန်ခံပါတယ်။ ဒါကခက်ခဲပေမယ့် ဘဝမှာဘယ်တော့မှဖြစ်မလာဘူးဆိုပြီး ပြောလို့မရပါဘူး။ ကျွန်တော်စီးရီးအေကို ပြန်လာခဲ့တယ်ဆိုရင် ကောင်းမွန်စွာလေ့ကျင့်မှုတွေပြုလုပ်ရပါလိမ့်မယ်”လို့ ဆိုခဲ့တာပါ။

တော့တီဟာ သူ့ကိုခေါ်ယူဖို့ ချဉ်းကပ်ခဲ့တဲ့ အသင်းတွေရဲ့အမည်ကိုဖော်ပြဖို့ ငြင်းဆန်ခဲ့ပေမယ့် ရိုးမားအသင်းရဲ့မဟာပြိုင်ဘက်ဖြစ်တဲ့ လာဇီယိုအသင်းမှာ ဘယ်တော့မှကစားမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ တော့တီအနေနဲ့ အနားယူတဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး အခြားစီးရီးအေကလပ်အသင်းတွေမှာ ကစားခဲ့မယ်ဆိုရင် ရိုးမားတစ်သင်းတည်းမှာသာ ကစားခဲ့တယ်ဆိုတဲ့ မှတ်တမ်းကောင်းကြီး ဆုံးရှုံးသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *