၂၂.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ လီဗာပူးလ်အသင်းဟာ ကိုလံဘီယာတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ကလပ်မှာ ကာလရှည်ကြာထိန်းသိမ်းနိုင်မယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ လူးဝစ်ဒီယက်ဇ်ဟာ ဒီရာသီနည်းပြသစ် အာနီဆလော့လက်အောက်မှာ ခြေစွမ်းပြသနေပြီး (၆)ပွဲကစားထားရာမှာ (၅)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။
■ ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်အစမှာ ရလဒ်တွေဆိုးရွားနေပေမယ့် နည်းပြ လိုပက်တယ်ဂီကို ရာထူးကနေ ထုတ်ပယ်သွားဖို့မရှိဘူးလို့ သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၅)ပွဲကစားအပြီးမှာ (၄)မှတ်သာရယူထားနိုင်တာဖြစ်ပါတယ်။
■ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ရာသီက ပခုံးပြဿနာကို ပြန်လည်ခံစားနေရတယ်လို့အတည်ပြုခဲ့ပါတယ်။ ဘယ်လင်ဂမ်ဟာ ပခုံးပြဿနာခံစားနေရပေမယ့် အလာဗက်စ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပါဝင်နိုင်မှာဖြစ်ပါတယ်။
■ ကနေဒါအသင်းနောက်ခံလူ အယ်လ်ဗွန်ဆိုဒေးဗီးစ်က သူဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောခဲ့ပါတယ်။ အယ်လ်ဖွန်ဆိုဒေးဗီးစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့စာချုပ်ဟာ ဒီရာသီကုန်ရင် ကုန်ဆုံးမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကိုခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။
■ အာဆင်နယ်အသင်းနောက်ခံလူ တိုမီယာဆုကို ခေါ်ယူဖို့ စီးရီးအေကလပ်အသင်းတွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊နာပိုလီနဲ့ အင်တာမီလန်အသင်းတို့က စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ထွက်ခွာဖွယ်ရှိနေတဲ့ တိုမီယာဆုအတွက် ပြောင်းရွှေ့ကြေးယူရိုသန်း(၂၀)ဝန်းကျင်လိုချင်နေတာဖြစ်ပါတယ်။
■ ဘာစီလိုနာအသင်းနည်းပြဟောင်း ဇာဗီဟာ စိတ်ဝင်စားစာရာကောင်းတဲ့ ကမ်းလှမ်းမှုအချို့ကို ရရှိထားတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဇာဗီဟာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်ဖို့အဆင်သင့်မဖြစ်သေးဘူးလို့ သိရပါတယ်။