၁၉.၉.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု

0

■ ချယ်လ်ဆီးအသင်းဟာ ယူကရိန်းတောင်ပံကစားသမား မူဒရစ်ကို ဇန်နဝါရီမှာ ထွက်ခွာခွင့်ပေးဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ချယ်လ်ဆီးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရတဲ့ မူဒရစ်ကို ပြင်သစ်ကလပ် မာဆေးလ်အသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

■ ဒိန်းမတ်ကွင်းလယ်လူ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေရှိခဲ့ပေမယ့် သူဟာ မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ စဉ်းစားခဲ့ခြင်းမရှိဘူးလို့ ပြောခဲ့ပါတယ်။ အဲရစ်ဆင်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့စာချုပ်ဟာ(၁)နှစ်သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

■ အေစီမီလန်အသင်းအကြံပေး အီဘရာဟီမိုဗစ်ဟာ နည်းပြ ဖွန်ဆီကာရဲ့နေရာမှာအစားထိုးဖို့ ဒေါ့မွန်အသင်းနည်းပြဟောင်း တာဇစ်ကို ဆက်သွယ်မှုပြုလုပ်ခဲ့ပါတယ်။ အေစီမီလန်အသင်းဟာ ရာသီအစကမှ ဖွန်ဆီကာကို နည်းပြသစ်အဖြစ်ခန့်အပ်ထားပေမယ့် ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

■ စပိန်ဝါရင့်နောက်ခံလူဟောင်း နာဗက်စ်ဟာ ၂၀၂၄ ဒီဇင်ဘာမှာ ဘောလုံးသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ထားတယ်လို့ အတည်ပြုခဲ့ပါတယ်။ နာဗက်စ်ဟာ ဒီရာသီမှာ ဆီဗီလာအသင်းအတွက်(၅)ပွဲပါဝင်ကစားထားပြီး (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

■ ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီက လီဗာပူးလ်အသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး အပြောင်းအရွှေ့မဖြစ်ခဲ့တဲ့အပေါ် နောင်တရနေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့ဟာ ဇူဘီမန်ဒီကို ခေါ်ယူချင်နေတာကြောင့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကြိုးစားလာဖွယ်ရှိနေပါတယ်။

■ အင်္ဂလန်နဲ့ လီဗာပူးလ်အသင်းတိုက်စစ်မှူးဟောင်း အန်ဒီကာရိုးလ်ဟာ ပြင်သစ်ဒုတိယတန်းကလပ် အေမီရန်အသင်းကနေ စတုတ္ထတန်းကလပ် ဘော်ဒိုးအသင်းထံ ပြောင်းရွှေ့ခဲ့ပါတယ်။ ဘော်ဒိုးအသင်းဟာ ဘဏ္ဍာရေးအခက်အခဲတွေကြောင့် ပရော်ဖက်ရှင်နယ်အဆင့်ကို စွန့်လွှတ်ပြီး စတုတ္ထတန်းမှာ ယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *