ရီးရဲလ်မက်ဒရစ်ထံ မပြောင်းရွှေ့ခင် မန်ယူနိုက်တက်ထံ မိမိပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ တိုနီကရူးစ် ဖွင့်ဟ

0

ဂျာမနီကစားသမားဟောင်း တိုနီကရူးစ်က သူဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ရီးရဲလ်မက်ဒရစ်အသင်းထံ မပြောင်းရွှေ့ခင်မှာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ တိုနီကရူးစ်ဟာ အစ်ကိုဖြစ်သူနဲ့ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့အပတ်စဉ် podcast မှာ မန်ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပုံနဲ့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ပုံကို ပြောခဲ့တာပါ။

၂၀၁၃ က ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး မန်ယူနိုက်တက်အသင်းကို ကိုင်တွယ်ခဲ့တဲ့ ဒေးဗစ်မွိုက်စ်ဟာ တိုနီကရူးစ်ကို ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒေးဗစ်မွိုက်စ်ဟာ မန်ယူနိုက်တက်အသင်းကို (၁၀)လကြာသာ ကိုင်တွယ်ခဲ့ရပြီး ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံခဲ့ရတာပါ။ မန်ယူနိုက်တက်အသင်းဟာ ဒေးဗစ်မွိုက်စ်ရဲ့နေရာမှာ ဗန်ဟားလ်ကို နည်းပြသစ်ဖြစ်ခန့်အပ်အပြီးမှာတော့ တိုနီကရူးစ်နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့အပြောင်းအရွှေ့ဇတ်လမ်းဟာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။

တိုနီကရူးစ်က “မြူးနစ်မှာ ကျွန်တော်နဲ့အတူ ဒေးဗစ်မွိုက်စ် ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အချိန်အတွင်း မန်ယူနိုက်တက်က ဒေးဗစ်မွိုက်စ်ကို ထုတ်ပယ်ခဲ့ပါတယ်။ သူ့မိန်းမနဲ့အတူ ကျွန်တော်တို့အိမ်မှာ ထိုင်ရတာက သူ့အတွက် အလွန်ကောင်းခဲ့ပါတယ်။ ဒီနောက်မှာ ဗန်ဟားလ်ကို မန်ယူနိုက်တက်အသင်းက နည်းပြအဖြစ်ခန့်အပ်အပြီးမှာ ကျွန်တော်တို့နှစ်ဖက်စလုံး ယဉ်ကျေးစွာငြင်းဆန်ခဲ့ပါတယ်”လို့ဆိုခဲ့တာပါ။

တိုနီကရူးစ်ဟာ မန်ယူနိုက်တက်အသင်းထံ မပြောင်းရွှေ့ခဲ့ရတာကြောင့် ၂၀၁၄ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ကာ (၁၀)နှစ်ကြာကစားခဲ့ပြီး ချန်ပီယံလိဂ်ဖလား(၅)ကြိမ်အပါအဝင် ဆုဖလားပေါင်း(၂၃)လုံးအထိ ရယူနိုင်ခဲ့ပါတယ်။ တိုနီကရူးစ်ဟာ ပြီးခဲ့တဲ့ရာသီအကုန်မှာ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *