ပေါင်သန်း(၃၀)တန်ကြေးရှိ စီးရီးအေကြယ်ပွင့်ကို ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့ မန်စီးတီး စိတ်ဝင်စားနေ
မန်စီးတီးအသင်းဟာ ဒူးအရွတ်(ACL)ဒဏ်ရာကြောင့် ဒီရာသီအကုန်ထိ အနားယူရမယ့် ကွင်းလယ်လူ ရိုဒရီရဲ့နေရာမှာ အစားထိုးဖို့အတွက် ပေါင်သန်း(၃၀)တန်ကြေးရှိတဲ့ စီးရီးအေကြယ်ပွင့်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း မန်စီးတီးအသင်းအောင်မြင်မှုတွေရယူနိုင်ခဲ့ရာမှာ အဓိကကျတဲ့သူတစ်ဦးဖြစ်တဲ့အတွက် သူ့ကို တစ်ရာသီလုံးလက်လွှတ်ရမှာက မန်စီးတီးအသင်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရိုဒရီကို အစားထိုးလို့မရတဲ့ ကစားသမားအဖြစ် ဖော်ပြခဲ့ပေမယ့် သူ့ရဲ့နေရာကို ဖြည့်တင်းနိုင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ ရိုဒရီရဲ့နေရာကို အစားထိုးမယ့် ကစားသမားခေါ်ယူဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဈေးကွက်ထဲကို ဝင်ရောက်ဖို့ရှိနေတာပါ။ The Guardian က မန်စီးတီးအသင်းဟာ တိုရီနိုအသင်းကြယ်ပွင့် ရီချီကို စိတ်ဝင်စားနေတယ်လို့ ဖော်ပြထားပါတယ်။
အသက်(၂၃)နှစ်အရွယ်ရှိ ရီချီဟာ ဒီရာသီမှာ တိုရီနိုအသင်းနဲ့အတူ အလွန်ကောင်းမွန်တဲ့ ရာသီအစကို ပိုင်ဆိုင်ထားပြီး သူကလည်း ခြေစွမ်းပြသနေတာပါ။ အမ်ပိုလီအသင်းလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာတဲ့ ရီချီဟာ ၂၀၂၂ မှာ တိုရီနိုအသင်းထံ ပြောင်းရွှေ့လာခဲ့ပြီး အီတလီလက်ရွေးစင်အသင်းအတွက် (၄)ပွဲပါဝင်ကစားထားတာဖြစ်ပါတယ်။ ရီချီဟာ အီတလီအသင်းက ပြင်သစ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ UEFA Nations League ပြိုင်ပွဲမှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တဲ့သူပါ။
မန်စီးတီးအသင်းအနေနဲ့ ရီချီကို ဝယ်ယူမယ်ဆိုရင် ပေါင်သန်း(၃၀)ကုန်ကျနိုင်ပြီး ကလပ်အသင်းအတွက် ရေရှည်ရင်းနှီးမြုပ်နှံမှုဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် တိုရီနိုအသင်းကသာ ဥရောပဝင်ခွင့်ရဖို့အတွက် ယှဉ်ပြိုင်ရမယ်ဆိုရင် ရီချီကို ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ လက်လွှတ်နိုင်ဖွယ်မရှိဘူးလို့ သိရပါတယ်။