နာပိုလီတံဆိပ်နမ်းခဲ့တဲ့ တွမ်မီနေးကို မန်ယူနိုက်တက်ပရိသတ်တွေ အပြစ်မမြင်ဘဲ နားလည်ပေးခဲ့ကြ

0

မနေ့က နာပိုလီ(၅-ဝ)ပါလာမို ကိုပါအီတာလီဖလား ဒုတိယအဆင့်ပွဲစဉ်မှာ စကော့တလန်ကွင်းလယ်လူ တွမ်မီနေးဟာ နာပိုလီအသင်းကစားသမားဘ၀ ပထမဆုံးဂိုးသွင်းယူပြီးနောက် သူ့အင်္ကျီက နာပိုလီတံဆိပ်ကို နမ်းကာ အောင်ပွဲခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလက မန်ယူနိုက်တက်အသင်းကနေ ပေါင်(၂၅.၇)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တွမ်မီနေးဟာ နာပိုလီအသင်းအတွက် (၃)ပွဲမြောက်ပွဲစဉ်အဖြစ် ပါဝင်ကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။

တွမ်မီနေးဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၇၇)မိနစ်မှာ ရက်စ်ပါဒိုရီရဲ့နေရာမှာ လူစားလဲဝင်ရောက်လာပြီး ဘောလုံးကို ပထမဆုံးထိတဲ့ ထိချက်မှာတင် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ တွမ်မီနေးသွင်းယူခဲ့တဲ့ဂိုးကို မန်ယူနိုက်တက်အသင်းဖော်ဟောင်း လူကာကူက ဖန်တီးပေးခဲ့တာပါ။ တွမ်မီနေးဟာ ဂိုးသွင်းယူအပြီးမှာ နာပိုလီအသင်းရဲ့တံဆိပ်ကို နမ်းပြီးအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။

တွမ်မီနေးဟာ ပြီးခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ နာပိုလီအသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့ပေမယ့် ပါလာမိုအသင်းနဲ့ပွဲအပါအဝင် ပြီးခဲ့တဲ့ ကာဂလီယာရီအသင်းနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။

နာပိုလီအသင်းအမှတ်တံဆိပ်ကို နမ်းပြီးအောင်ပွဲခံခဲ့တဲ့ တွမ်မီနေးကို မန်ယူနိုက်တက်ပရိသတ်တွေက ဝေဖန်ပြစ်တင်တာတွေ မပြုလုပ်ခဲ့ဘဲ ခြေစွမ်းကောင်းတဲ့ သူ့ကို နှမြောတသဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ကြပါတယ်။

မန်ယူနိုက်တက်ပရိသတ်တစ်ဦးက ”တန်ဟတ်က မန်ယူအသင်းကို ဖျက်ဆီးနေတာ။ ဒီကစားသမားက အသင်းကနေ ဖယ်ထုတ်ခံရတဲ့ အဖိုးတန်ရတနာတစ်ခုပဲ”လို့ ရေးသားခဲ့ပြီး ကျန်တစ်ဦးက “သူ့လိုကစားသမားမျိုးက ဘယ်တော့မှ ရောင်းထုတ်သင့်တာမဟုတ်ဘူး” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

အခြားတစ်ဦးကလည်း”ချစ်စရာကောင်းတဲ့ စကော့တလန်သားကြီးရေ … ခင်ဗျားကို ရောင်းလိုက်တာ ကျွန်တော်တို့အတွက် နောင်တတွေပဲ ကျန်နေခဲ့တယ်ဗျာ”လို့ ရေးခဲ့ပါတယ်။

နာပိုလီအသင်းဟာ နည်းပြကွန်တီလက်ထက် ရာသီအစ စီးရီးအေပွဲစဉ်မှာ ဗီရိုနာအသင်းကို ဂိုးပြတ်အရေးနိမ့်ပြီးနောက် နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်းတွေဆက်တိုက်ရရှိခဲ့ပါတယ်။ စီးရီးအေပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့်(၂)နေရာမှာ ရပ်တည်နေသလို ကိုပါအီတာလီယာဖလားပြိုင်ပွဲမှာလည်း နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။

နာပိုလီအသင်းဟာ ကိုပါအီတာလီယာဖလားနောက်တစ်ဆင့်မှာ လာဇီယိုအသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး ဒီတစ်ပတ် စီးရီးအေပွဲစဉ်အဖြစ် မွန်ဇာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *