လူတန်ကွင်းလယ်လူ တာဟစ်ချောင် ကွင်းအတွင်းလဲကျခဲ့ပြီး စိုးရိမ်စရာအခြေအနေ ဖြစ်ပေါ်ခဲ့

0

မနေ့က ပလိုင်းမောက်(၃-၁)လူတန် အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်မှာ လူတန်အသင်းကွင်းလယ်လူ တာဟစ်ချောင်ဟာ ပလိုင်းမောက်အသင်းကစားသမားတစ်ဦးနဲ့ တိုက်မိပြီး ကွင်းထဲလဲကျခဲ့တာကြောင့် ဆေးအဖွဲ့တွေဟာ အလျင်အမြန်ကွင်းထဲဝင်ရောက်လာပြီး ကုသမှုတွေပြုလုပ်ခဲ့ကြပါတယ်။

ဆေးအဖွဲ့တွေရဲ့အလျင်အမြန်ကုသမှုကြောင့် မန်ယူနိုက်တက်အသင်းကစားသမားဟောင်း တာဟစ်ချောင်ဟာ လဲကျနေရာကနေ ပြန်ထပြီး လမ်းလျှောက်ကာ အဝတ်လဲခန်းထဲကို ဝင်ရောက်သွားခဲ့ပါတယ်။

တာဟစ်ချောင်ဟာ တိုက်မိခဲ့တာကြောင့် သူ့ရဲ့နဖူးဘယ်ဘက်ခြမ်းမှာ ကြီးမားတဲ့အဖုအလုံးဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ လူတန်အသင်းဟာ ပထမပိုင်းအပြီး တာဟစ်ချောင်ရဲ့နေရာမှာ ဂျက်ကော့ဘ်ဘရောင်းနဲ့ လူစားလဲမှုပြုလုပ်ခဲ့တာပါ။ ပလိုင်းမောက်အသင်းက တာဟစ်ချောင်ဟာ ဆေးကုသမှုခံယူအပြီးမှာ လမ်းလျှောက်ထွက်ခွာသွားတာကို မြင်တွေ့ရတာက အလွန်ကောင်းမွန်တယ်လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။

လူတန်အသင်းနည်းပြ ရော့ဘ်အက်ဝါဒ်စ်က တာဟစ်ချောင်ဟာ အနည်းငယ်နာကျင်နေပေမယ့် အဆင်ပြေပါတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ပြောခဲ့တာပါ။ တာဟစ်ချောင်ဟာ ပြီးခဲ့တဲ့နွေရာသီက ဘာမင်ဂမ်အသင်းကနေ လူတန်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ပွဲပေါင်း(၃၈)ပွဲပါဝင်ကစားကာ (၅)ဂိုးသွင်းယူထားသလို ဒီရာသီမှာလည်း (၇)ပွဲပါဝင်ကစားကာ (၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

တာဟစ်ချောင်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို မန်ယူနိုက်တက်အသင်းမှာ စတင်ခဲ့ပြီး (၁၆)ပွဲပါဝင်ကစားခဲ့တာပါ။

လူတန်အသင်းဟာ ပလိုင်းမောက်အသင်းကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့်(၁၆)နေရာမှာ ရပ်တည်နေပြီး ပလိုင်းမောက်အသင်းက အဆင့်(၁၃)နေရာမှာ ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *