လေဗာကူဆင်နဲ့ပွဲက ဟာရီကိန်းရဲ့ခြေကျင်းဝတ်ဒဏ်ရာ မပြင်းထန်ဖို့ ကွန်ပနီ မျှော်လင့်
မနေ့က ဘိုင်ယန်မြူးနစ်(၁-၁)လေဗာကူဆင် ဘွန်ဒစ်လီဂါပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိသွားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်းရဲ့ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဆိုခဲ့ပါတယ်။ ဟာရီကိန်းဟာ ဒီပွဲစဉ်မှာ လေဗာကူဆင်အသင်းကစားသမား အက်ဒ်လီနဲ့ ထိခိုက်မိပြီး နာကျင်ခဲ့တာကြောင့် ပွဲချိန်(၈၆)မိနစ်မှာ နည်းပြကွန်ပနီက သူ့ကို လူစားလဲခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီပွဲမှာ ရမှတ်(၂)မှတ်ဆုံးရှုံးခဲ့ရသလို ဟာရီကိန်းဒဏ်ရာရခဲ့တဲ့အတွက် စိုးရိမ်စရာတွေရှိခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ဒဏ်ရာအခြေအနေကို အတိအကျသိရဖို့အတွက် ဆေးစစ်မှုပြုလုပ်သွားဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ကွန်ပနီက ဟာရီကိန်းရဲ့ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်တယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့တာဖြစ်ပါတယ်။
ကွန်ပနီက “ကျွန်တော်က ဆရာဝန်မဟုတ်ပေမယ့် ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့်လည်း ပြောဖို့စောသေးပါတယ်။ ဗုဒ္ဓဟူးနေ့ပွဲမှာတော့ သူကြံ့ခိုင်မှုအပြည့်နဲ့ ပါဝင်နိုင်ဖို့ မျှော်လင့်တယ်”လို့ ဆိုခဲ့တာပါ။
ဟာရီကိန်းကတော့ ဒဏ်ရာကြောင့် နာကျင်နေပေမယ့် အဆင်ပြေတယ်လို့ ပြောခဲ့သလို သူ့ကို ဖျက်ထုတ်ခဲ့တဲ့ အက်ဒ်လီအနီကတ်ပြသခံရသင့်တယ်လို့ သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဖြေခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လေဗာကူဆင်အသင်းနဲ့ သရေကျခဲ့တဲ့အတွက် ဒီရာသီ ဘွန်ဒစ်လီဂါပြိုင်ပွဲမှာ ရာနှုန်းပြည့်နိုင်ပွဲရနေတာ ရပ်တန့်ခဲ့ပေမယ့် အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ဆက်လက်ရပ်တည်နေတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။