ဘောလုံးသမားဘဝက အနားယူပြီးနောက် (၃၆)ရက်အကြာမှာ ဘာစီလိုနာထံ ဆက်ဇနီ ပြောင်းရွှေ့
ပိုလန်ဂိုးသမားဟောင်း ဆက်ဇနီဟာ ပြီးခဲ့တဲ့သြဂုတ်ကုန်ပိုင်းကမှ ဘောလုံးသမားဘဝကနေ အနားယူကြောင်း ကြေညာခဲ့ပေမယ့် (၃၆)ရက်အကြာမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြင်ဆင်ပြီး ဘာစီလိုနာအသင်းထံ ရာသီအကုန်ထိစာချုပ်ချုပ်ဆိုကာ ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွယ်ရှိ အာဆင်နယ်အသင်းဂိုးသမားဟောင်း ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ သူ့ရဲ့စာချုပ်ကိုဖျက်သိမ်းပြီးနောက် ဘောလုံးသမားဘဝကနေ အနားယူခဲ့သူပါ။
ပြီးခဲ့တဲ့လက ဗီလာရီးရဲလ်အသင်းနဲ့ စပိန်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းရဲ့နံပတ်တစ်ဂိုးသမား စတီဂန်ဟာ ရာသီအကုန်ထိအနားယူရမယ့် ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဘာစီလိုနာအသင်းဟာ အတွေ့အကြုံရင့်ဂိုးသမားတစ်ဦးကို ရှာဖွေခဲ့ပြီး သူတို့ခေါ်ယူမယ့်စာရင်းထဲမှာ ဆက်ဇနီနဲ့ ရီးရဲလ်မက်ဒရစ်အသင်းဂိုးသမားဟောင်း နာဗက်စ်တို့ပါဝင်ခဲ့တာပါ။ ဘာစီလိုနာအသင်းဟာ ဆက်ဇနီကို စာချုပ်ချုပ်ခဲ့ပြီး စတီဂန်ရရှိနေတဲ့ လုပ်ခလစာ ပေါင်(၇.၅)သန်းရဲ့(၈၀)%ကို ပေးချေဖွယ်ရှိနေပါတယ်။
အာဆင်နယ်အသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ခဲ့တဲ့ ဆက်ဇနီဟာ ဘရန်ဖိုဒ့်၊ရိုးမားအသင်းတွေမှာ အငှားကစားခဲ့ပြီးနောက် ဂျူဗင်တပ်စ်အသင်းထံ အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။ ဆက်ဇနီဟာ ဂျူဗင်တပ်စ်အသင်းမှာ (၇)ရာသီကြာ ပွဲပေါင်း(၂၅၂)ပွဲကစားခဲ့ပြီး စီးရီးအေဖလား(၃)ကြိမ်၊ကိုပါအီတာလီယာဖလား(၃)ကြိမ်နဲ့ အီတလီစူပါဖလား(၂)ကြိမ်ရယူနိုင်ခဲ့ပါတယ်။ ဆက်ဇနီဟာ ပိုလန်အသင်းအတွက် (၈၄)ပွဲကစားခဲ့ပြီး ဥရောပချန်ပီယံရှစ်ပြိုင်ပွဲ(၄)ကြိမ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ(၂)ကြိမ်ပါဝင်ကစားခဲ့တာပါ။
ယန်းဘွိုင်းစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲကို တက်ရောက်ကြည့်ရှုခဲ့တဲ့ ဆက်ဇနီဟာ လာမယ့် အလာဗက်စ်အသင်းနဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအသင်းကစားသမားဘ၀ ပွဲဦးထွက်အဖြစ် ပါဝင်နိုင်တယ်လို့ သိရပါတယ်။