၃.၁၀.၂၀၂၄ ရဲ့သတင်းအတိုအထွာများ စုစည်းမှု
■ စပါးအသင်းတိုက်စစ်မှူး ဆိုလန်ကီဟာ (၇)နှစ်အကြာမှ ပထမဆုံးအကြိမ် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ အောက်တိုဘာထဲယှဉ်ပြိုင်မယ့် UEFA Nations League ပွဲတွေအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ မက်ဂွဲယားနဲ့ အီဇီတို့ချန်လှပ်ခံခဲ့ရပြီး ဝေါလ်ကာနဲ့ ဘယ်လင်ဂမ်တို့ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။
■ နာပိုလီအသင်းကို စီးရီးအေပြိုင်ပွဲမှာ ရလဒ်ကောင်းတွေရယူပေးနေတဲ့ နည်းပြ ကွန်တီဟာ စက်တင်ဘာအတွက် စီးရီးအေတစ်လတာအကောင်းဆုံးနည်းပြဆုကို ရရှိသွားခဲ့ပါတယ်။ နာပိုလီအသင်းဟာ ဒီရာသီစီးရီးအေပွဲစဉ်(၆)ပွဲကစားအပြီးမှာ ရမှတ်(၁၃)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
■ ရီးရဲလ်မက်ဒရစ်အသင်းတိုက်စစ်မှူး ဘာပေဟာ UEFA Nationsl League ပြိုင်ပွဲအတွက် ပြင်သစ်အသင်းလူစာရင်းကနေ ထွက်ခွာခဲ့ပါတယ်။ ဘာပေဟာ အနားယူဖို့နဲ့ သူ့ရဲ့ဒဏ်ရာအခြေအနေကို ပိုကောင်းအောင်လုပ်ဖို့ ရီးရဲလ်မက်ဒရစ်အသင်းမှာပဲ ရှိနေမှာဖြစ်ပါတယ်။
■ ဆိုစီဒက်အသင်းကွင်းလယ်လူ ဇူဘီမန်ဒီက နွေရာသီအပြောင်းအရွှေ့ကာလမှာ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တဲ့အပေါ် နောင်တရစရာမရှိဘူးလို့ဆိုခဲ့ပါတယ်။ ဇူဘီမန်ဒီဟာ လီဗာပူးလ်အသင်းထံ မပြောင်းရွှေ့ခဲ့တာကို နောင်တရနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် တုံ့ပြန်ခဲ့တာပါ။
■ လီဗာပူးလ်အသင်းဟာ အီဂျစ်တောင်ပံကစားသမား ဆာလာရဲ့နေရာမှာအစားထိုးဖို့အတွက် ဒေါ့မွန်အသင်းတောင်ပံကစားသမား အဒီယီမီကို ပစ်မှတ်ထားနေပါတယ်။ ဆာလာဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဒီရာသီအကုန်မှာ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။
■ ချယ်လ်ဆီးအသင်းနည်းပြဟောင်း လမ်းပတ်ဟာ အင်္ဂလန်အသင်းနည်းပြရာထူးကို စိတ်ဝင်စားတယ်လို့ အရိပ်အမြွက်ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ အင်္ဂလန်အသင်းကို လီကာစလေက ယာယီနည်းပြအဖြစ်ကိုင်တွယ်နေပြီး သူ့ရဲ့အဖွင့်ပွဲစဉ်(၂)ပွဲစလုံးအနိုင်ရရှိအောင် ကိုင်တွယ်ပေးထားတာဖြစ်ပါတယ်။