တံကောက်ကြောဒဏ်ရာကြောင့် လီဗာပူးလ်ဂိုးသမား အယ်လီဆန် (၆)ပတ်ကြာ အနားယူရဖွယ်ရှိ

0

ဘရာဇီးလ်ဂိုးသမား အယ်လီဆန်ဟာ လီဗာပူးလ်အသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာရရှိခဲ့တဲ့ ဒဏ်ရာကို စစ်ဆေးမှုတွေပြုလုပ်အပြီးမှာ တံကောက်ကြောဒဏ်ရာရရှိခဲ့ကြောင်း တွေ့ခဲ့ရပြီးနောက် (၆)ပတ်ကြာအနားယူရဖွယ်ရှိနေပါတယ်။ အဲ့ဒါကြောင့် လီဗာပူးလ်အသင်းဟာ နံပတ်တစ်ဂိုးသမား အယ်လီဆန်ကို နိုဝင်ဘာလလယ်အထိ ဆုံးရှုံးရတော့မှာပါ။

အယ်လီဆန်ဟာ ဒီရာသီမှာလည်း ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်(၁)ပွဲကို လွဲချော်ထားပြီး မနှစ်ကရာသီဆိုရင် ဒဏ်ရာတွေ၊ဖျားနာမှုတွေကြောင့် ပွဲအများအပြားကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ အယ်လီဆန်မပါဝင်နိုင်တဲ့အချိန်မှာ ပွဲကြီးပွဲကောင်းတွေဆက်တိုက်ယှဉ်ပြိုင်ရမှာက ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ အယ်လီဆန်မပါဝင်နိုင်တဲ့အချိန်မှာ ချယ်လ်ဆီး၊အာဆင်နယ်၊ဘရိုက်တန်၊အက်စတွန်ဗီလာအသင်းတို့နဲ့ ပရီးမီးယားလိဂ်၊လိုက်ပ်ဇစ်၊လေဗာကူဆင်အသင်းတို့နဲ့ ချန်ပီယံလိဂ်၊ဘရိုက်တန်အသင်းနဲ့ လိဂ်ဖလားပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

အယ်လီဆန်ဟာ နိုဝင်ဘာ(၂၄)ရက် ဆောက်သမ်တန်အသင်းနဲ့ ကစားမယ့်ပွဲစဉ်မှာသာ လီဗာပူးလ်အသင်းအတွက် ပြန်လည်ပါဝင်နိုင်ဖွယ်ရှိနေတာပါ။ လီဗာပူးလ်အသင်းဟာ အယ်လီဆန်မပါဝင်နိုင်တဲ့ပွဲတွေမှာ နံပတ်(၂)ဂိုးသမား ကယ်လီဟာကို ပွဲထွက်ဂိုးသမားအဖြစ် အသုံးပြုရမှာဖြစ်ပါတယ်။ ကယ်လီဟာဟာ အရင်ကလည်း အယ်လီဆန်မပါဝင်နိုင်တဲ့အချိန်တွေမှာ လီဗာပူးလ်အသင်းရဲ့ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ပေးနိုင်ခဲ့တဲ့သူပါ။

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲကစားအပြီးမှာ (၆)ပွဲနိုင်၊(၁)ပွဲရှုံး ရမှတ်(၁၈)မှတ်နဲ့ အမှတ်ပေးဇယားအဆင့်(၁)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *