ဒဏ်ရာကြောင့် ဖင်လန်နဲ့ပွဲမတိုင်ခင် အင်္ဂလန်အသင်းလူစာရင်းကနေ ဆာကာ ထွက်ခွာ

0

အာဆင်နယ်တောင်ပံကစားသမား ဆာကာဟာ ဂရိအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ဖင်လန်အသင်းနဲ့ ကစားရမယ့် Nations League ပွဲစဉ်မတိုင်ခင် အင်္ဂလန်အသင်းလူစာရင်းကနေ ထွက်ခဲ့ရပါတယ်။

ဆာကာဟာ ဂရိအသင်းနဲ့ပွဲစဉ်ရဲ့ပွဲချိန်မိနစ်(၅၀)ကျော်မှာ သူ့ရဲ့ညာဘက်ခြေထောက်နာကျင်မှုခံစားခဲ့ရတာကြောင့် လူစားလဲခံခဲ့ရပြီး အင်္ဂလန်အသင်းဟာ သူ့ရဲ့ဒဏ်ရာအခြေအနေကို စကန်ဖတ်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။

အခုအချိန်မှာတော့ အင်္ဂလန်အသင်းဟာ ဆာကာရဲ့ဒဏ်ရာအခြေအနေကို မပြောခင်မှာ အာဆင်နယ်အသင်းထံပြန်ပြီး နောက်ထပ်အကဲဖြတ်စစ်ဆေးမှုတွေပြုလုပ်မယ်လို့ အတည်ပြုခဲ့ပါတယ်။ အာဆင်နယ်အသင်းအတွက်တော့ ပွဲစဉ်တွေအများအပြားယှဉ်ပြိုင်ရမယ့် အချိန်မှာ ဆာကာကို ဒဏ်ရာကြောင့် ဆုံးရှုံးရမယ်ဆိုရင် စိတ်ပျက်စရာဖြစ်မယ်ဆိုတာ အသေအချာပါပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာနိုင်ငံတကာပွဲတုန်းကလည်း အသင်းခေါင်းဆောင် အော်ဒီဂါ ဒဏ်ရာရခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ အခုအချိန်ထိ အနားပေးထားရတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းလူစာရင်းကနေ ဆာကာအပြင် လီဗာပူးလ်အသင်းကွင်းလယ်လူ ကာတစ်ဂျုံးစ်လည်း ထွက်ခွာခဲ့ပါတယ်။ ကိုဘီမေနူး၊ဂစ်ဘ်ဝှိုက်စ်နဲ့ ကွန်ဆာတို့ရဲ့ဒဏ်ရာကြောင့် အစားထိုးခေါ်ယူခြင်းခံခဲ့ရတဲ့ ကာတစ်ဂျုံးစ်ဟာ ပုဂ္ဂိုလ်ရေးကိစ္စတွေကြောင့် လီဗာပူးလ်အသင်းထံ ပြန်လာမှာပါ။ ဆာကာနဲ့ ကာတစ်ဂျုံးစ်တို့ လူစာရင်းကနေ ထွက်ခွာခဲ့ပေမယ့် ပြီးခဲ့တဲ့ ဂရိအသင်းနဲ့ ပွဲကို ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းနဲ့ တောင်ပံကစားသမား ဂရီးလစ်ရှ်တို့ဟာ စနေနေ့က ပြုလုပ်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။

အဲ့ဒါကြောင့် အင်္ဂလန်အသင်းဟာ ဖင်လန်အသင်းကစားမယ့်ပွဲကို ကစားသမား(၂၂)ဦးနဲ့ ထွက်ခွာမှာဖြစ်ပြီး ဒီပွဲစဉ်ကို အနိုင်ရလဒ်ရယူနိုင်ဖို့ မျှော်လင့်နေတာပါ။ အင်္ဂလန်အသင်းဟာ Nations League အုပ်စုပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၆)မှတ်ရရှိထားပြီး ဖင်လန်အသင်းကတော့ (၃)ပွဲစလုံးအရေးနိမ့်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *