မော်ရီတေးနီးယား-အီဂျစ်ပွဲမှာ ဒဏ်ရာရမှာ စိုးရိမ်တာကြောင့် ဆာလာ လီဗာပူးလ်ထံ ပြန်လာ

0

အီဂျစ်အသင်းတိုက်စစ်မှူး ဆာလာဟာ မော်ရီတေးနီးယားအသင်းအိမ်ကွင်းမှာကစားမယ့် ၂၀၂၅ AFCON ခြေစစ်ပွဲမှာ ပါဝင်ကစားပြီး ဒဏ်ရာရရှိမှာကို စိုးရိမ်တာကြောင့် စီစဉ်ထားတဲ့ အချိန်ဇယားအတိုင်း လီဗာပူးလ်အသင်းထံ ပြန်လာခဲ့ပါတယ်။ ဆာလာဟာ အီဂျစ်အသင်းက မော်ရီတေးနီးယားအသင်းကို (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့သူပါ။

ဒါပေမယ့် ဆာလာဟာ ဒီနှစ်သင်းထပ်မံတွေ့ဆုံမယ့်ပွဲကို ပါဝင်မှာမဟုတ်ဘဲ အီဂျစ်အသင်းလူစာရင်းကနေ ထွက်ခွာကာ လီဗာပူးလ်အသင်းထံ ပြန်လာမှာဖြစ်ပါတယ်။ အီဂျစ်အသင်းနည်းပြ ဟာဆန်ဟာ ပရိသတ်ဦးရေ (၈,၀၀၀)ဝင်ဆံ့တဲ့ မြက်ခင်းတုကွင်းမှာ ကစားရမယ့်အပေါ်နဲ့ မော်ရီတေးနီးယားအသင်းကစားသမားတွေရဲ့ကြမ်းတမ်းစွာဖျက်ထုတ်မယ့် အပေါ်မှာ စိုးရိမ်မှုရှိနေတာပါ။ အဲ့ဒါကြောင့် အီဂျစ်အသင်းနည်းပြဟာဆန်က ဒီပွဲကို မကစားချင်တဲ့ ဘယ်ကစားသမားကိုမဆို ထွက်ခွာခွင့်ပေးမယ်လို့ ပြောခဲ့ပါတယ်။

ဟာဆန်ရဲ့ပြောဆိုမှုအပြီးမှာ ဆာလာဟာ အီဂျစ်လူစာရင်းကနေ ထွက်ခွာပြီး မာဆေးဆိုက်ထံ ပြန်သွားမယ်လို့ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့ပါတယ်။ လီဗာပူးလ်အသင်းအတွက်တော့ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ကလပ်အသင်းနဲ့ ဆာလာစောစီးစွာပြန်ပူးပေါင်းနိုင်မှာက သတင်းကောင်းဖြစ်ခဲ့တာပါ။ ဆာလာအပြင် အသင်းခေါင်းဆောင် ဗန်ဒိုက်ကလည်း နယ်သာလန်အသင်းလူစာရင်းကနေ ထွက်ခွာကာ လီဗာပူးလ်အသင်းထံ ပြန်လာခဲ့ပြီဖြစ်ပါတယ်။

ဗန်ဒိုက်ဟာ ပြီးခဲ့တဲ့ ဟန်ဂေရီအသင်းနဲ့ Nations League ပွဲစဉ်မှာ နယ်သာလန်အသင်းအတွက် ပါဝင်ကစားပြီး (၂)ဝါ(၁)နီနဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ အဲ့ဒါကြောင့် ဗန်ဒိုက်ဟာ ဂျာမနီအသင်းနဲ့ပွဲစဉ်ကို လွဲချော်မှာဖြစ်လို့ လီဗာပူးလ်အသင်းနဲ့ စောစီးစွာလာရောက်ပူးပေါင်းမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *