နယ်သာလန် လေ့ကျင့်ရေးကွင်းမှာ ဝက်ဂ်ဟော့စ်နဲ့ တင်ဘာ ထိပ်တိုက်တွေ့တာကို ကိုးမန်းဖျန်ဖြေခဲ့ရ

0

နယ်သာလန်အသင်းဟာ ဂျာမနီအသင်းနဲ့ ကစားမယ့် Nations League ပွဲအတွက် လေ့ကျင့်မှုတွေပြုလုပ်ခဲ့ရာမှာ တိုက်စစ်မှူး ဝက်ဂ်ဟော့စ်နဲ့ နောက်ခံလူ တင်ဘာတို့ နှစ်ဦးသားထိပ်တိုက်တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဒါကို နည်းပြ ရော်နယ်လ်ကိုးမန်းက ဝင်ရောက်ဖျန်ဖြေခဲ့ရပါတယ်။

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဝက်ဂ်ဟော့စ်ဟာ အာဆင်နယ်နောက်ခံလူ တင်ဘာရဲ့ဖျက်ထုတ်မှုကြောင့် ခြေချင်းဝတ်ထိခိုက်မိပြီး နာကျင်သွားခဲ့တာပါ။

အဲ့ဒါကြောင့် ဝက်ဂ်ဟော့စ်ဟာ သူ့ကိုဖျက်ထုတ်ခဲ့တဲ့ တင်ဘာကို ဒေါသတကြီးထိပ်တိုက်တွေ့ခဲ့ပြီး ဒီအခြေအနေကို နည်းပြ ရော်နယ်လ်ကိုးမန်းက ဝင်ရောက်ဖျန်ဖြေကာ ငြိမ်သက်သွားအောင် လုပ်ခဲ့ရတာဖြစ်ပါတယ်။ ဝက်ဂ်ဟော့စ်ဟာ ဖျက်ထုတ်ခံရမှုအပေါ် ဒေါသထွက်နေတာကို ထိန်းချုပ်ခဲ့ခြင်းမရှိဘဲ လေ့ကျင့်ခန်းအစီအစဉ်အပြီးမှာ ပထမဆုံးထွက်ခွာခဲ့တဲ့သူဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ ဝက်ဂ်ဟော့စ်ဟာ သူ့ရဲ့ဖုန်းကိုကြည့်ရင်း စက်ဘီးစီးလေ့ကျင့်မှုတွေကို ပြန်လည်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘော့စနီးယားအသင်းနဲ့ Nations League ပွဲမှာ နယ်သာလန်အသင်းအတွက် ဂိုးသွင်းခဲ့တဲ့ ဝက်ဂ်ဟော့စ်ဟာ ဒဏ်ရာရခဲ့ခြင်းမရှိဘူးလို့ နည်းပြ ရော်နယ်လ်ကိုးမန်းက နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။ မန်ယူနိုက်တက်အသင်းမှာ အငှားကစားခဲ့ဖူးတဲ့ ဘန်လေအသင်းတိုက်စစ်မှူးဟောင်း ဝက်ဂ်ဟော့စ်ဟာ ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ အိုင်းယက်စ်အသင်းထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ဝက်ဂ်ဟော့စ်ဟာ နယ်သာလန်အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးအချို့ကို သွင်းယူထားတဲ့သူဖြစ်ပြီး ပွဲဦးထွက်ပါဝင်ခဲ့တဲ့ ၂၀၁၈ က စတင်ကာ လက်ရှိအချိန်ထိ ပွဲပေါင်း(၄၀)ပါဝင်ကစားထားပြီး (၁၃)ဂိုးသွင်းယူထားပါတယ်။ တင်ဘာကတော့ ဒဏ်ရာတွေကြောင့် နယ်သာလန်အသင်းလူစာရင်းနဲ့ လပေါင်းများစွာကြာဝေးကွာခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *