ချန်ပီယံလိဂ်ပြိုင်ပွဲပုံစံသစ်ကို အဖွင့်ပွဲမတိုင်ခင် လီဗာပူးလ် ဂိုးသမား အယ်လီဆန် ဝေဖန်

0

ဒီနေ့ကစားမယ့် အေစီမီလန်-လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က ဒီပြိုင်ပွဲရဲ့ပုံစံသစ်ကို ဝေဖန်ခဲ့ပါတယ်။

ဒီရာသီအတွက် ဘောလုံးပြက္ခဒိန်မှာ ပွဲစဉ်ဇယားတွေပိုပြီးများပြားလာတာကြောင့် အယ်လီဆန်က ပင်ပန်းနွမ်းနယ်နေတဲ့ ကစားသမားတွေရဲ့အမြင်က ပွဲစီစဉ်သူတွေအတွက် အရေးမကြီးဘူးလို့ ဆိုခဲ့တာပါ။

ပုံစံသစ်နဲ့ ပြောင်းလဲကျင်းပမယ့် ဒီရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ အသင်းတိုင်းဟာ Round of 16 ကိုမရောက်ခင် အနည်းဆုံး(၈)ပွဲကစားရမှာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ(၅၈)ပွဲကစားခဲ့ရပေမယ့် ဒီရာသီမှာ ပြိုင်ပွဲတိုင်းရဲ့ဗိုလ်လုပွဲကို တက်နိုင်မယ်ဆိုရင် ပွဲပေါင်း(၆၅)ပွဲအထိ ကစားရနိုင်တာပါ။ ဒါ့အပြင် နွေရာသီမှာ ဖီဖာရဲ့တိုးချဲ့ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိနေတာကြောင့် ဒီပြိုင်ပွဲမှာ ပါဝင်ကစားရမယ့်အသင်းတွေဟာ ပွဲအရေအတွက်အများအပြားကစားရတော့မှာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဂိုးသမား အယ်လီဆန်က “နောက်ထပ်ပွဲတွေထပ်ပေါင်းထည့်မယ့်အပေါ် ဘယ်လိုထင်လဲဆိုပြီး ကစားသမားတွေကို ဘယ်သူကမှ မေးမြန်းခဲ့ခြင်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ထင်မြင်ချက်က အရေးမကြီးပေမယ့် နောက်ထပ်ပွဲတွေကစားဖို့ ကျွန်တော်တို့ဘယ်လိုတွေးလဲဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့အားလုံးပင်ပန်းနေကြပါပြီ”လို့ မီဒီယာသမားတွေနဲ့ တွေ့ဆုံချိန်ဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းနောက်ခံလူ အကန်ဂျီက ပွဲစဉ်တွေများပြားတာကြောင့် အသက်(၃၀)နှစ်အရွယ်မှာ သူအနားယူရဖွယ်ရှိတယ်လို့ မကြာသေးခင်က ပြောဆိုထားတာပါ။ ဒါ့အပြင် ကွင်းလယ်လူ ဒီဘရိုင်းနားကလည်း FIFA နဲ့ UEFA တို့ဟာ ကစားသမားတွေထက် ငွေကြေးကိုပိုပြီးတန်ဖိုးထားတယ်လို့ ဝေဖန်မှုပြုလုပ်ထားတာဖြစ်ပါတယ်။။

Leave a Reply

Your email address will not be published. Required fields are marked *