နောက်ခံလူ နူနိုမန်ဒက်စ်ကို လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း PSG ထုတ်ပြန်

0

PSG အသင်းဟာ ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ကို ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားစော်ကားမှုအပေါ် ရှုတ်ချကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

နူနိုမန်ဒက်စ်ဟာ PSG အသင်းက ဘရက်စ်အသင်းကို (၃-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူး-၁ ပွဲစဉ်အပြီးမှာ ရိုင်းစိုင်းပြီး လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေပေးခံခဲ့ရတဲ့ ပစ်မှတ်ဖြစ်ခဲ့တာပါ။

နူနိုမန်ဒက်စ်ဟာ သူ့ရဲ့Instagram အကောင့်မှာ သူရရှိခဲ့တဲ့ လူမျိုးရေးခွဲခြားမှုမက်ဆေ့ချ်တွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ PSG အသင်းဟာ လူမျိုးရေးခွဲခြားမှုတွေကို ရှုတ်ချခဲ့ပြီး နူနိုမန်ဒက်စ်ကို အပြည့်အဝပံ့ပိုးပေးမှုတွေပြုလုပ်သွားမယ်လို့ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာပါ။ ဒါ့အပြင် PSG အသင်းဟာ ဒီဖြစ်ရပ်အတွက် သက်ဆိုင်ရာအာဏာပိုင်တွေ၊အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

နူနိုမန်ဒက်စ်ရဲ့ဖြစ်ရပ်ဟာ PSG အသင်းကစားသမားတစ်ဦးကို ဆိုရှယ်မီဒီယာပေါ်မှာ လူမျိုးရေးခွဲခြားမှုပြုလုပ်ဖို့ ပစ်မှတ်ထားတဲ့ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြင်သစ်တောင်ပံကစားသမား ဒမ်ဘီလီဟာ ပြီးခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲကွာတားဖိုင်နယ်(ဒုတိယအကျော့)ပွဲစဉ်မှာ လူမျိုးရေးခွဲခြားမှုတွေခံခဲ့ရတာပါ။

ပေါ်တူဂီဘယ်နောက်ခံလူ နူနိုမန်ဒက်စ်ဟာ စပို့တင်းလစ္စဘွန်းအသင်းကနေ PSG အသင်းထံ ၂၀၂၁-၂၂ ရာသီမှာ အငှားနဲ့ပြောင်းရွှေ့ခဲ့ပြီး နောက်ပိုင်းမှာ အပြီးသတ်ပြောင်းရွှေ့ကာ ခြေစွမ်းပြသနေတဲ့သူပါ။ နူနိုမန်ဒက်စ်ဟာ PSG အသင်းအတွက် (၈၅)ပွဲပါဝင်ကစားထားပြီး (၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *