အော်လ်မို (၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာ အတည်ပြု

0

စပိန်ကြယ်ပွင့် အော်လ်မိုဟာ ဒဏ်ရာကြောင့်(၄)ပတ်ကနေ (၅)ပတ်ကြာအထိ အနားယူရမယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။

အော်လ်မိုဟာ ဘာစီလိုနာအသင်းက ဂျီရိုနာအသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စစ်ဆေးမှုတွေအရ ညာဘက်ပေါင်မှာ တံကောက်ကြောဒဏ်ရာရရှိခဲ့တာပါ။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလက လိုက်ပ်ဇစ်အသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အော်လ်မိုဟာ ဘာစီလိုနာအသင်းအတွက် ပထမဆုံးကစားခဲ့တဲ့ (၃)ပွဲမှာ (၃)ဂိုးသွင်းယူကာ ခြေစွမ်းပြသနေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာကြောင့် အနားယူရမှာက အော်လ်မိုအတွက်ရော ဘာစီလိုနာအသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့တာပါ။ အော်လ်မိုဟာ ဒဏ်ရာကြောင့် အောက်တိုဘာအကုန်အထိ အနားယူရဖွယ်ရှိတဲ့အတွက် ဘာစီလိုနာအသင်းရဲ့ပွဲစဉ်အနည်းဆုံး(၆)ပွဲခန့်ကို လွဲချော်ဖွယ်ရှိနေပါတယ်။

ဒီပွဲတွေမှာ မိုနာကို၊ ယန်းဘွိုင်းစ်အသင်းတို့နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေအပါအဝင် ဗီလာရီးရဲလ်၊ အိုဆာဆူနာ၊ ဂီတာဖေး၊ အလာဗက်စ်အသင်းတို့နဲ့ လာလီဂါပွဲစဉ်တွေလည်း ပါဝင်နေတာပါ။ ဘာစီလိုနာအသင်းကတော့ အော်လ်မိုကို အရေးကြီးပွဲစဉ်တွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ်၊ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လာလီဂါပွဲစဉ်တွေမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ အော်လ်မိုဟာ စပိန်အသင်းရဲ့အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေဖြစ်တဲ့ ဒိန်းမတ်၊ဆားဘီးယားအသင်းတို့နဲ့ UEFA Nations League ပွဲစဉ်တွေကိုလည်း လွဲချော်ဖွယ်ရှိနေပါတယ်။

ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ အော်လ်မိုအပြင် အန်ဆုဖာတီ၊ ဖရန်ကီဒီယွန်း၊ အာရူဟိုတို့ကိုလည်း ဒဏ်ရာကြောင့် အနားပေးထားရပြီး ဂါဗီကတော့ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်နေပြီဖြစ်လို့ မကြာခင်မှာ အသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *