တံကောက်ကြော ဒဏ်ရာမသက်သာသေးလို့ ရီးစ်ဂျိမ်းစ် ပြန်ကစားနိုင်ဖွယ် မရှိသေး

0

အင်္ဂလန်ညာနောက်ခံလူ ရီးစ်ဂျိမ်းစ်ရဲ့တံကောက်ကြောဒဏ်ရာဟာ ပြန်ကောင်းလာဖို့မျှော်လင့်ထားတာထက် ပိုပြီးရှည်ကြာနိုင်တာကြောင့် ချယ်လ်ဆီးအသင်းအတွက် ပြန်ကစားပေးနိုင်ဖို့နှောင့်နှေးဖွယ်ရှိနေပါတယ်။

ရီးစ်ဂျိမ်းစ်ရဲ့ဒဏ်ရာအခြေအနေတိုးတက်မှုဟာ နှေးကွေးနေတာကြောင့် သူ့ရဲ့တံကောက်ကြောဒဏ်ရာက မျှော်လင့်ထားသလို မသက်သာဘူးလို့ ချယ်လ်ဆီးအသင်းဆရာဝန်တွေက ယုံကြည်နေကြတာပါ။

ရီးစ်ဂျိမ်းစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဒီဇင်ဘာက တံကောက်ကြောခွဲစိတ်မှုကြောင့် ကာလရှည်ကြာအနားယူခဲ့ရပြီး နွေရာသီမှာ ဒဏ်ရာထပ်ပြီးရရှိခဲ့တာဖြစ်ပါတယ်။ ရီးစ်ဂျိမ်းစ်ဟာ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ (၁၀)ပွဲသာပါဝင်ကစားနိုင်ခဲ့ပြီး ၂၀၂၂-၂၃ ရာသီမှာ (၁၆)ပွဲသာ ကစားနိုင်ခဲ့တာပါ။ ရီးစ်ဂျိမ်းစ်ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် အင်္ဂလန်အသင်းလူစာရင်းမှာ ရွေးချယ်ခံရခြင်းမရှိခဲ့ပါဘူး။

ရီးစ်ဂျိမ်စ်ဟာ ချယ်လ်ဆီးအသင်းရဲ့အမေရိကန်ရာသီကြိုခရီးစဉ်မှာ ပါဝင်ကစားနိုင်ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ်ရှိ ရီးစ်ဂျိမ်းစ်ဟာ အလားအလာရှိတဲ့သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံး တံကောက်ကြောဒဏ်ရာတွေနဲ့ ဆိုးရွားတဲ့အချိန်တွေကို ခံစားခဲ့ရတာပါ။ ရီးစ်ဂျိမ်းစ်ဟာ ဒဏ်ရာကြောင့် ဘယ်အချိန်ပြန်ကစားနိုင်မလဲဆိုတာ မသိသေးပေမယ့် ဒီနှစ်မကုန်ခင် ပြန်ကစားပေးနိုင်ဖို့ ပရိသတ်တွေက မျှော်လင့်နေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းနောက်ခံလူတွေရဲ့ဒဏ်ရာကြောင့် နည်းပြ မာရက်စ်ကာဟာ သီးခြားလေ့ကျင့်မှုတွေပြုလုပ်ခိုင်းခဲ့တဲ့ ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ကို အသင်းကြီးလူစာရင်းထဲ ပြန်လည်ခေါ်ယူထားတာပါ။ ဘင်ချီဝဲလ်ဟာ လေ့ကျင့်ခန်းအစီအစဉ်အတွင်းမှာ နည်းပြ မာရက်စ်ကာနဲ့ အတူ ပြုံးရွှင်နေတာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *