အဲဗာတန်ကို ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ရင် နည်းပြရာထူးက ရှောင်ဒိုက် ထုတ်ပယ်ခံရဖွယ်ရှိ

0

အဲဗာတန်အသင်းကို အမေရိကန်စီးပွားရေးသမား ဂျွန်တက်စ်တာ ဝယ်ယူမှုပြီးမြောက်ခဲ့ရင် လက်ရှိနည်းပြဖြစ်တဲ့ ရှောင်ဒိုက်ဟာ ရာထူးက ထုတ်ပယ်ခံရဖွယ်ရှိတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။

ဂျွန်တက်စ်တာဟာ ပြီးခဲ့တဲ့ရာသီက ပါလ်မီးရက်စ်အသင်းကို ဘရာဇီးလ်လိဂ်ဖလားရယူပေးနိုင်ခဲ့တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာဘဲလ်ဖာရဲရားကို နည်းပြသစ်အဖြစ်ခန့်အပ်ချင်နေတာပါ။

ဂျွန်တက်စ်တာဟာ အာဘဲလ်ဖာရဲရားရဲ့နည်းစနစ်တွေကို ကိုယ်တိုင်ကြည့်ရှုခဲ့ပြီးနောက် သဘောကျနှစ်သက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အာဘဲလ်ဖာရဲရားရဲ့စာချုပ်ဟာ လာမယ့်နှစ်အကုန်အထိ ရှိနေတာကြောင့် သူ့ကိုနည်းပြအဖြစ်ခန့်အပ်မယ်ဆိုရင် ပါလ်မီးရက်စ်အသင်းကို လျော်ကြေးငွေပေးဖို့လိုအပ်နေတာပါ။ ဂျွန်တက်စ်တာကတော့ လျော်ကြေးငွေပေးရမယ်ဆိုရင်လည်း အာဘဲလ်ဖာရဲရားကို နည်းပြအဖြစ်ခန့်အပ်ဖို့စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ဂျွန်တက်စ်တာဟာ အဲဗာတန်အသင်းကို ဝယ်ယူဖို့လုပ်ဆောင်နေတာကြောင့် ခရစ္စတယ်ပဲလေ့စ်အသင်းမှာရှိတဲ့ သူ့ရဲ့ရှယ်ယာတွေကို ရောင်းချဖို့လည်း စီစဉ်နေတာပါ။ ဂျွန်တက်စ်တာဟာ အဲဗာတန်အသင်းကို ဝယ်ယူဖို့စိတ်ပိုင်းဖြတ်ထားလို့ ဒီရာသီအစကို ဆိုးရွားစွာစတင်နေတဲ့ နည်းပြ ရှောင်ဒိုက်အပေါ် ဖိအားတွေပိုတိုးလာနိုင်တာဖြစ်ပါတယ်။ ဂျွန်တက်စ်တာဟာ ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာကိုလည်း စိတ်ဝင်စားနေပေမယ့် သူကတော့ အေစီမီလန်အသင်းကို ကိုင်တွယ်နေတာကြောင့် ခန့်အပ်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။

အဲဗာတန်အသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ(၄)ပွဲကစားအပြီးမှာ ကာရာဘောင်းလိဂ်ဖလားပွဲစဉ်မှာသာ နိုင်ပွဲရယူထားပြီး ပရီးမီးယားလိဂ်(၃)ပွဲစလုံးအရေးနိမ့်ထားတာပါ။ အဲဗာတန်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေအပြီးမှာ အက်စတွန်ဗီလာ၊လက်စတာ၊ခရစ္စတယ်ပဲလေ့စ်၊နယူးကာဆယ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နည်းပြ ရှောင်ဒိုက်အနေနဲ့ ဒီပွဲတွေမှာ ရလဒ်ကောင်းတွေမရယူပေးနိုင်ရင် ထုတ်ပယ်ခံရနိုင်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *