အော်ဒီဂါ ခြေချင်းဝတ်ဒဏ်ရာရခဲ့ပြီး ကြီးမားတဲ့ ဒဏ်ရာထိုးနှက်ချက်နဲ့ အာဆင်နယ် ရင်ဆိုင်နေရ

0

နော်ဝေအသင်းအတွက် ပါဝင်ကစားရင်း အသင်းခေါင်းဆောင် အော်ဒီဂါခြေချင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းဟာ စပါးအသင်းနဲ့လန်ဒန်ဒါဘီပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ဒဏ်ရာထိုးနှက်ချက်နဲ့ ရင်ဆိုင်နေရပါတယ်။

အော်ဒီဂါဟာ နော်ဝေအသင်းက သြစတြီးယားအသင်းကို(၂-၁)ဂိုးနဲ့အနိုင်ရခဲ့တဲ့ UEFA Nations League ပွဲစဉ်မှာ ခြေချင်းဝတ်ဒဏ်ရာရရှိခဲ့ပြီး ကွင်းထဲကထွက်ခွာချိန်မှာ ငိုကြွေးနေခဲ့တာပါ။

အော်ဒီဂါဟာ ဒဏ်ရာကြောင့် နော်ဝေအသင်းဆေးအဖွဲ့ရဲ့အကူအညီနဲ့ ကွင်းထဲက ထွက်ခဲ့ရတာဖြစ်ပြီး ဒီပွဲမှာ နော်ဝေအသင်းအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းက သူ့ကို လာရောက်နှစ်သိမ့်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နော်ဝေအသင်းနည်းပြ ဆိုလ်ဘက်ကင်က ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ အော်ဒီဂါရဲ့ဒဏ်ရာအခြေအနေဟာ ဆိုးရွားတဲ့အခြေအနေရှိတယ်လို့ ဆိုခဲ့ပါတယ်။

နော်ဝေအသင်းဆရာဝန်ကလည်း အော်ဒီဂါရဲ့ဒဏ်ရာအခြေအနေကို အာထရာဆောင်းအသုံးပြုကာ စစ်ဆေးသွားမှာဖြစ်သလို MRI ရိုက်ပြီးလည်း စစ်ဆေးနိုင်တယ်လို့ ဆိုခဲ့တာပါ။ အော်ဒီဂါရဲ့ဒဏ်ရာကြောင့် အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ ကွင်းလယ်ပိုင်းအတွက် ရွေးချယ်ရာမှာ ကြီးမားတဲ့ အခက်အခဲတွေရှိလာနိုင်ပါတယ်။ စပါးအသင်းနဲ့ပွဲမှာ အင်္ဂလန်ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်ဟာ ပွဲပယ်ကြောင့် ပါဝင်နိုင်မှာမဟုတ်သလို ကစားသမားသစ် မယ်ရီနိုကလည်း ဒဏ်ရာကြောင့် လွဲချော်မှာပါ။

အဲ့ဒါကြောင့် နည်းပြ အာတီတာဟာ စပါးအသင်းနဲ့ပွဲမှာ ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့ကို ကွင်းလယ်မှာ တွဲဖက်ပြီး အာဆင်နယ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ အသုံးပြုလာနိုင်တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းနောက်ခံလူသစ် ကာလာဖီအိုရီကလည်း ဒဏ်ရာကြောင့် အီတလီအသင်းလူစာရင်းက ထွက်ခွာထားတာပါ။ ဒီအတွက် ကာလာဖီအိုရီဟာ စပါးအသင်းနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

အာဆင်နယ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ်(၃)ပွဲကစားအပြီးမှာ (၂)ပွဲနိုင်၊(၁)ပွဲသရေကျကာ အမှတ်ပေးဇယားအဆင့်(၄)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *