ဆေးစစ်မှု မအောင်မြင်ပြီးနောက် အယ်လ်ဟီလယ်ထံ နေမာပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာ နောက်ကျဖွယ်ရှိ

0

ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အမြန်ဆုံးပြန်ကစားပေးနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေပေမယ့် ဆေးစစ်မှုမအောင်မြင်ခဲ့တာကြောင့် ပြန်လာနိုင်ဖို့ နောက်ထပ်(၂)လကြာနောက်ကျဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နွေရာသီက PSG အသင်းကနေ ပေါင်(၇၈)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးဖို့မျှော်လင့်ခဲ့ပေမယ့် ဥရုဂွေးအသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်မှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်ကစားရင်း ဒူးအရွတ်ဒဏ်ရာရရှိသွားခဲ့တာပါ။

အဲ့ဒါကြောင့် နေမာဟာ ဆော်ဒီပရိုလိဂ်ရာသီအကုန်အထိ အနားယူခဲ့သလို ၂၀၂၄ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ နေမာဟာ သူပြန်လည်ထူထောင်ရေးလုပ်နေတဲ့ ပုံတွေနဲ့ ဗီဒီယိုတွေကို သူ့ရဲ့ဆိုရှယ်မီဒီယာမှာ မကြာခဏတင်ပြီး ပြန်လာချိန်နီးနေပြီလို့ ပရိသတ်တွေကို ချပြခဲ့တာပါ။ ဒါပေမယ့် နေမာဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ ဆေးစစ်မှုအတွက် စမ်းသပ်မှုတွေမှာ အောင်မြင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

အဲ့ဒါကြောင့် နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက် သူပြန်လာနိုင်မယ့်အချိန်ကို နောက်ထပ်(၂)လကြာနောက်ကျပြီးမှ ပြန်လာနိုင်ဖွယ်ရှိနေတာပါ။ နေမာဟာ စမ်းသပ်မှုတွေပြုလုပ်နေတဲ့ ဗီဒီယိုမှာဆိုရင် ခုန်တဲ့လေ့ကျင့်မှုပြုလုပ်ချိန်အတွင်း တည်ငြိမ်မှုနဲ့ ယုံကြည်မှုမရှိသလောက်ဖြစ်နေတာကို မြင်တွေ့ခဲ့ရပြီး ဒူးဟာ အားနည်းတဲ့လက္ခဏာတွေရှိနေတာဖြစ်ပါတယ်။ နေမာနဲ့ အယ်လ်ဟီလယ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာပါ။

နေမာဟာ အယ်လ်ဟီလယ်အသင်းအတွက်(၅)ပွဲသာ ပါဝင်ကစားထားပြီး လက်ရှိသူ့ရဲ့ကြံ့ခိုင်မှုအခြေအနေတွေကြောင့် ဒီရာသီမှာ ပါဝင်နိုင်မယ်ဆိုရင်တောင် ပွဲအနည်းငယ်သာ ပါဝင်ကစားနိုင်ဖို့ရှိနေတာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *