အမေရိကန် လက်ရွေးစင်အသင်းနည်းပြအဖြစ် ပိုချက်တီနို ခန့်အပ်ခံရ

0

ချယ်လ်ဆီးအသင်းနည်းပြဟောင်း ပိုချက်တီနိုဟာ အမေရိကန်လက်ရွေးစင်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခံရကြောင်းသိရပါတယ်။

ပိုချက်တီနိုဟာ အမေရိကန်အသင်းကို ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လတွေကတည်းက သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အခုမှ တရားဝင်အတည်ပြုနိုင်ခဲ့တာပါ။

ပိုချက်တီနိုဟာ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ အုပ်စုကနေထွက်ခွာခဲ့ရတာကြောင့် ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြဟောင်း ဘာဟယ်တာရဲ့နေရာမှာ အစားထိုးဝင်ရောက်ပြီး အမေရိကန်အသင်းနည်းပြသစ်အဖြစ် တာဝန်ယူရမှာဖြစ်ပါတယ်။

ပိုချက်တီနိုဟာ ဥရောပထိပ်တန်းကလပ်အချို့ကို ကိုင်တွယ်ခဲ့ပေမယ့် နိုင်ငံအသင်းတစ်သင်းကို ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူရမှာပါ။ ပိုချက်တီနိုဟာ အမေရိကန်အသင်းကို အိမ်ကွင်းမှာ ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင်ဦးဆောင်ပေးရမှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံဟာ မက္ကဆီကို၊ကနေဒါနိုင်ငံတို့နဲ့အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမှာပါ။ အဲ့ဒါကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ နိုင်ငံအသင်းအောင်မြင်မှုတွေရယူနိုင်ဖို့ နာမည်ကြီးနည်းပြတွေကို ရှာဖွေခဲ့တာဖြစ်ပါတယ်။ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ဟာ လီဗာပူးလ်အသင်းနည်းပြဟောင်း ကလော့ပ်ကို ချဉ်းကပ်ခဲ့ပေမယ့် သူက ငြင်းပယ်ခဲ့တာကြောင့် ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးပမ်းခဲ့တာပါ။

ပိုချက်တီနိုက တစ်နိုင်ငံလုံးဂုဏ်ယူနိုင်မယ့် ထူးခြားတဲ့အရာတွေကို အသင်းသားတွေနဲ့ အတူတည်ဆောက်သွားမယ်လို့ အမေရိကန်အသင်းနည်းပြသစ်အဖြစ်ခန့်အပ်ခံရကြောင်း အတည်ပြုခဲ့တဲ့ ဗီဒီယိုမှာ ပြောခဲ့ပါတယ်။ အမေရိကန်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပွဲတွေမှာ ရလဒ်တွေဆိုးခဲ့တာကြောင့် ပိုချက်တီနိုဟာ ရလဒ်တွေကောင်းမွန်အောင် ကိုင်တွယ်ပေးရတော့မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *