ပါရာဂွေးကို အရေးနိမ့်ပြီးနောက် ဘရာဇီးလ်ပရိသတ်တွေကို ဗင်နီစီယပ်စ် တောင်းပန်

0

ဒီမနက်က ပါရာဂွေး(၁-ဝ)ဘရာဇီးလ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)ပွဲစဉ်အပြီးမှာ ရီးရဲလ်မက်ဒရစ်အသင်းတောင်ပံကစားသမား ဗင်နီစီယပ်စ်က ဘရာဇီးလ်အသင်းပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ ဘရာဇီးလ်အသင်းဟာ ဒီရှုံးပွဲကြောင့် ခြေစစ်ပွဲ(၈)ပွဲကစားအပြီးမှာ (၁၀)မှတ်သာရယူထားနိုင်ကာ အာဂျင်တီးနား၊ကိုလံဘီယာ၊ဥရုဂွေး၊အီကွေဒေါအသင်းတို့ရဲ့အနောက်အဆင့်(၅)နေရာမှာ ရပ်တည်နေတာပါ။

ဒါပေမယ့် ဘရာဇီးလ်အသင်းဟာ အဆင့်(၆)နေရာက ဗင်နီဇွဲလားအသင်းနဲ့ ရမှတ်တူညီနေပြီး ဂိုးကွာခြားချက်ကြောင့်သာ အဆင့်(၅)နေရာရပ်တည်နေသလို အဆင့်(၇)နေရာက ပါရာဂွေး၊အဆင့်(၈)နေရာက ဘိုလီးဗီးယားအသင်းတို့နဲ့(၁)မှတ်သာကွာဟတာဖြစ်ပါတယ်။ ဗင်နီစီယပ်စ်ဟာ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းဖော်တွေဖြစ်တဲ့ ရိုဒရီဂို၊အန်းဒရစ်တို့နဲ့အတူ ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ဘရာဇီးလ်အသင်းနိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းမရှိတာပါ။

ဗင်နီစီယပ်စ်က “ကျွန်တော်တို့ဘက်မှာ အမြဲတမ်းရှိနေတဲ့ ပရိသတ်တွေကိုတောင်းပန်ပါတယ်။ ဒါက ခက်ခဲတဲ့အချိန်ဖြစ်ပြီး ကျွန်တော်တို့တိုးတက်ချင်ပါတယ်။ ဒါက ခက်ခဲတဲ့လုပ်ငန်းစဉ်ပါ။ ဘာကြောင့်လဲဆိုရင် ယုံကြည်မှုမရှိရင် ဂိုးလည်းရမှာမဟုတ်သလို ဂိုးဖန်တီးမှုရော၊စွမ်းဆောင်ရည်ကောင်းတွေရော ရမှာမဟုတ်ပါဘူး။ ကျွန်တော်အမြန်ဆုံးတိုးတက်ချင်ပါတယ်”လို့ Sportv ကိုပြောခဲ့ပါတယ်။

ဘရာဇီးလ်အသင်းနည်းပြ ဒိုရီဗယ်လ်ဂျူနီယာက ဒီရှုံးပွဲအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပွဲအပြီးမီဒီယာတွေ့ဆုံမှုမှာ ဆိုခဲ့ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို တောင်အမေရိကဇုန်ရဲ့ထိပ်ဆုံးအသင်း(၆)သင်းဟာ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး အဆင့်(၇)နေရာက အသင်းဟာ playoffs ယှဉ်ပြိုင်ရမှာပါ။ ဘရာဇီးလ်အသင်းဟာ လာမယ့်အောက်တိုဘာနိုင်ငံတကာပွဲစဉ်မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် ချီလီ၊ပီရူးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *