နည်းပြ အဲရစ်တန်ဟတ်အပေါ် စီရော်နယ်ဒို ဝေဖန်မှုပြုလုပ်ခဲ့တဲ့ ပို့စ်ကို ဂါနာချို Like ပေးခဲ့

0

မန်ယူနိုက်တက်အသင်းကြယ်ပွင့် ဂါနာချိုဟာ သူ့ရဲ့Idol ဖြစ်တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်ဒိုက ဒတ်ချ်လူမျိုးအဲရစ်တန်ဟတ်အပေါ် ဝေဖန်မှုပြုလုပ်ခဲ့တာကို တင်ထားခဲ့တဲ့ နာမည်ကြီးဂျာနယ်လစ် ဖာဘရီဇီယိုရိုမန်နိုရဲ့ပို့စ်ကို Like ပေးခဲ့ပါတယ်။ အဲ့ဒါကြောင့် ဂါနာချိုဟာ မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်ရဲ့ဒေါသနဲ့ ရင်ဆိုင်လာရဖွယ်ရှိနေတာပါ။

စီရော်နယ်ဒိုဟာ မကြာသေးခင်က မန်ယူနိုက်တက်အသင်းဖော်ဟောင်း ရီယိုဖာဒီနန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ကလပ်ဟောင်းဟာ ပြန်တည်ဆောက်ဖို့လိုတယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မန်ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို ယှဉ်ပြိုင်နိုင်ခြင်းမရှိဘူးလို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ပြောဆိုမှုကို စီရော်နယ်ဒိုက မေးခွန်းထုတ်ခဲ့တာပါ။ စီရော်နယ်ဒိုဟာ မန်ယူနိုက်တက်အသင်းမှာ နည်းပြ အဲရစ်တန်ဟတ်နဲ့ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဂါနာချိုဟာ သူ့ရဲ့Idol ဖြစ်တဲ့ စီရော်နယ်ဒိုနဲ့ မန်ယူနိုက်တက်အသင်းမှာ အသင်းဖော်တွေအဖြစ် အတူတွဲကစားခဲ့ဖူးတာပါ။ ဂါနာချိုအနေနဲ့ ဒီပို့စ်ကို Like ပေးခဲ့တာကြောင့် နည်းပြ အဲရစ်တန်ဟတ်က သူ့ကို လာမယ့်ပွဲတွေမှာ သူ့ကို အရန်ကစားသမားအဖြစ်သာ အသုံးပြုနိုင်တယ်လို့ ပရိသတ်တွေ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။ ဂါနာချိုဟာ နောက်ပိုင်းမှာ ဒီပို့စ်ကို Unlike ပြန်လုပ်သွားခဲ့ပေမယ့် အားလုံးက ဒါကို သတိပြုမိခဲ့ကြတာပါ။

ဂါနာချိုဟာ အရင်ကလည်း သူ့ကိုလူစားလဲခဲ့တဲ့ နည်းပြ အဲရစ်တန်ဟတ်ရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်တဲ့ ပို့စ်(၂)ခုကို Like ပေးခဲ့ဖူးပါတယ်။ ဒီရာသီပရီးမီးယားလိဂ်(၂)ပွဲဆက်ရှုံးပွဲကြုံတွေ့ထားတဲ့ မန်ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆောက်သမ်တန်အသင်းအိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *