PSG နဲ့ ယူရို(၅၅)သန်း ပေးချေမှုအငြင်းပွားမှုမှာ ကြားဝင်ဖျန်ဖြေပေးမှုကို ဘာပေ ငြင်းပယ်

0

ပြင်သစ်အသင်းခေါင်းဆောင် ဘာပေဟာ လစာ၊အပိုဆုကြေးတွေနဲ့ ပတ်သက်ပြီး အသင်းဟောင်း PSG အသင်းကနေ ရရှိမယ့် ယူရို(၅၅)သန်းအငြင်းပွားမှုအပေါ် ပြင်သစ်ဘောလုံးလိဂ်တရားရေးကော်မရှင်ရဲ့ကြားဝင်ဖျန်ဖြေမှုပြုလုပ်ဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပါတယ်။ ဘာပေဟာ ဒီအဖြစ်အပျက်မှာ ကော်မရှင်ကို ပါဝင်ပေးဖို့တောင်းဆိုခဲ့ပြီးနောက် သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ PSG အသင်းတာဝန်ရှိသူတွေနဲ့ ပါရီမှာ တွေ့ဆုံခဲ့ကြပါတယ်။

ဒါပေမယ့် ဘာပေရဲ့ကိုယ်စားလှယ်အဖွဲ့တွေဟာ ဒီအစည်းအဝေးအတွင်းမှာ ဖြစ်နိုင်ဖွယ်ရှိတဲ့အရာကို ပယ်ချခဲ့ပြီး ဖျန်ဖြေခြင်းဟာ အသုံးမဝင်ခဲ့ဘူးလို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ PSG အသင်းကတော့ ဗုဒ္ဓဟူးနေ့က ကော်မရှင်မှာ (၂)နာရီကြားနာခဲ့တဲ့အပေါ်ကျေနပ်မိတယ်လို့ထုတ်ပြန်ထားပါတယ်။ ဘာပေဟာ ပြီးခဲ့တဲ့ရာသီမစတင်ခင်မှာ သူဟာ နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့်ကို မရွေးချယ်တော့ဘူးလို့ PSG အသင်းကို အကြောင်းကြားခဲ့တာကစတင်ပြီး တင်းမာမှုတွေစတင်ခဲ့တာပါ။

FILE PHOTO: Soccer Football – Champions League – Group F – Newcastle United v Paris St Germain – St James’ Park, Newcastle, Britain – October 4, 2023 Paris St Germain’s Kylian Mbappe reacts REUTERS/Carl Recine/File Photo

PSG အသင်းဟာ ဘာပေကို ရာသီကြိုခြေစမ်းပွဲယှဉ်ပြိုင်မယ့် ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကို ထွက်ခွာခဲ့တဲ့ လူစာရင်းမှာ ချန်လှပ်ခဲ့သလို အလွတ်နဲ့မဆုံးရှုံးချင်တာကြောင့် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်အသင်းထံ ရောင်းချဖို့ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာပေဟာ အယ်လ်ဟီလယ်အသင်းရဲ့ယူရိုသန်း(၃၀၀)နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တာပါ။ PSG အသင်းဟာ ဘာပေကို ပြင်သစ်လီဂူး-၁ အဖွင့်ပွဲစဉ်မှာ ချန်လှပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် လူစာရင်းထဲ ပြန်ပါဝင်ဖို့ ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာလည်း PSG အသင်းဟာ ဘာပေကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဘာပေဟာ PSG အသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်အသင်းထံ အလွတ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *