ချယ်လ်ဆီးအသင်းရဲ့ပရီးမီးယားလိဂ် လူစာရင်းမှာ သီးခြား လေ့ကျင့်နေတဲ့ ဘင်ချီဝဲလ် ပါဝင်

0

အင်္ဂလန်ဘယ်နောက်ခံလူ ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းကြီးနဲ့ သီးခြားလေ့ကျင့်မှုတွေပြုလုပ်နေပေမယ့် ပရီးမီးယားလိဂ်ထံ တင်သွင်းခဲ့တဲ့ ပြိုင်ပွဲဝင်မယ့် လူစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ဘင်ချီဝဲလ်ဟာ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်နိုင်မယ့် မျှော်လင့်ချက်ရှိလာခဲ့ပြီး နည်းပြ မာရက်စ်ကာဟာ အဖြေရှာဖွေဖို့အတွက် သူနဲ့တွေ့ဆုံဆွေးနွေးဖို့စီစဉ်ထားပါတယ်။

ဘင်ချီဝဲလ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ ချယ်လ်ဆီးအသင်းအတွက် ပြန်လည်ပါဝင်ကစားနိုင်မယ့် အလားအလာရှိနေတာဖြစ်ပါတယ်။ မာရက်စ်ကာဟာ ဘင်ချီဝဲလ်ကို ကွန်းဖရန့်လိဂ်လူစာရင်းမှာလည်း ချန်လှပ်ထားခဲ့လို့ သူ့ကို ဒီရာသီ ချယ်လ်ဆီးအသင်းရဲ့ဥရောပပွဲစဉ်တွေမှာ အသုံးပြုလို့ရမှာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ သူတို့ရဲ့အစီအစဉ်မှာပါဝင်ခြင်းမရှိတော့တဲ့ ကစားသမားတွေကို နွေရာသီမှာ ထွက်ခွာခွင့်ပေးခဲ့ပြီး ဘင်ချီဝဲလ်ဟာ အသင်းသစ်ရှာဖွေနိုင်ခဲ့ခြင်းမရှိတာပါ။

ဘင်ချီဝဲလ်ဟာ သောကြာနေ့က ကော့ဘ်ဟမ်းမှာတစ်ဦးတည်းလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲလူစာရင်းမှာ သူ့နာမည်ပါဝင်ခဲ့တာကြောင့် ချယ်လ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာတွေကြုံတွေ့ရရင် သူဟာ ပါဝင်ကစားခွင့်ရနိုင်တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြ မာရက်စ်ကာက ဘင်ချီဝဲလ်ဟာ သူတို့နဲ့ လေ့ကျင့်မှုတွေစတင်ပြုလုပ်ဖို့ဖြစ်နိုင်သလို ကစားသမားတွေထဲက တစ်ဦးလည်းဖြစ်လာနိုင်တယ်လို့ မီဒီယာသမားတွေနဲ့တွေ့ဆုံချိန်မှာ ဆိုထားတာပါ။

ဒါ့အပြင် နွေရာသီအပြောင်းအရွှေ့ကာလမှာ ချယ်လ်ဆီးအသင်းကနေ ထွက်ခွာဖို့မအောင်မြင်ခဲ့တဲ့ ကွင်းလယ်လူ ချူကွီမီကာကလည်း သူ့ရဲ့အစီအစဉ်မှာ ပါဝင်လာမယ်လို့ နည်းပြ မာရက်စ်ကာက အတည်ပြုခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *