စက်တင်ဘာလ ၁၈ ရက်နေ့ အကြိုက်ဆုံးပွဲ ကြိုတင်ရင်ခုန်သံ

0

ချန်ပီယံလိဂ် အုပ်စုအဆင့်

မန်စီးတီး – အင်တာမီလန်
(19 Sep 2024/ 1:30 am)

ကလပ်ဘရုဂျက် – ဒေါ့မွန်
(19 Sep 2024/ 1:30 am)

PSG – ဂျီရိုနာ
(19 Sep 2024/ 1:30 am)

မန်စီးတီး – အင်တာမီလန်

(ချန်ပီယံလိဂ် အုပ်စုအဆင့်)

မန်စီးတီးက ချန်ပီယံလိဂ်မှာ ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးအသင်းဖြစ်နေပြီး လက်ရှိချန်ပီယံရီးရဲလ်ကိုတောင် ကျော်ပြီး ထိပ်ဆုံးမှာ ရှိနေတာဖြစ်တယ်။ အသင်းကလည်း စွဲချက်(၁၁၅)ကိစ္စ အာရုံနောက်စရာကလွဲလို့ ကွင်းတွင်းခြေစွမ်းက ဘာမှအပြစ်ပြောစရာမရှိလောက်အောင် ကောင်းနေတယ်။

ပရီးမီးယားလိဂ်မှာ တစ်သင်းတည်းသောရာနှုန်းပြည့်အနိုင်ရတဲ့အသင်းအဖြစ် ဦးဆောင်နေတယ်။ အသင်းမှာလည်း ဒဏ်ရာရသူဆိုလို့ အော်စကာဘော့ဘ်နဲ့ နာသန်အကီလောက်ပဲရှိပြီး လူစုံနေတယ်။

အင်တာမီလန်ကလည်း စီးရီးအေမှာ (၂)ပွဲနိုင်(၂)ပွဲသရေ ရှုံးပွဲမရှိကစားထားတယ်။ ဒါပေမယ့် ဒီရာသီမှာ အင်တာမီလန်အဝေးကွင်းပွဲတွေမှာ အမှတ်လျော့နေတာတော့ သတိပြုရမယ်။ ဂျီနိုအာ၊ မွန်ဇာတို့ကို ဂိုးတွေပေးခဲ့ရပြီး သရေကျခဲ့တယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပွဲတွေမှာလည်း အဝေးကွင်းပွဲတွေဆိုရင် အင်တာမီလန်က သိပ်မစွံဘူး။

အင်တာမီလန်မှာလည်း မန်စီးတီးလိုပဲ ဒဏ်ရာရကစားသမားသိပ်မရှိဘဲ လူစုံတက်စုံရှိလို့ ဒီပွဲမှာ နှစ်သင်းစလုံးအကောင်းဆုံးကစားသမားစာရင်းနဲ့ ပွဲထွက်လာကြမှာဖြစ်တယ်။

ဟာလန်းကို အဆာဘီ၊ ဘတ်စတိုနီ၊ ပါဗာတို့ ထိန်းနိုင်မလားကြည့်ရမှာဖြစ်သလို၊ ဒီဘရိုင်နား၊ ဘာနာဒိုဆေးလ်ဗား၊ ရိုဒရီ၊ ကိုဗာချစ်၊ ဒိုကူတို့ရဲ့အလယ်တန်းနဲ့ ဒါမီယန်၊ ဘာရယ်လာ၊ ချာဟာနိုဂလူး၊ မစ်ခီတာရီယန်၊ ဒီမာကိုတို့ရဲ့အလယ်တန်း အားပြိုင်မှုကလည်း ဒီပွဲမှာ ကြည့်ကောင်းမယ်။ မာတီနက်ဇ်၊ သူရမ်တို့ကလည်း မန်စီးတီးနောက်တန်းက ဗာဒီယို၊ ဒီယက်စ်၊ အကန်ဂျီတို့ကို ကောင်းကောင်းအလုပ်ရှုပ်စေဦးမှာဖြစ်တယ်။

မန်စီးတီးက အင်တာမီလန်ထက်စာရင် နှာတစ်ဖျားမြင့်တာ ငြင်းမရသလို အိမ်ရှင်အားသာချက်ရှိနေတော့ ဒီပွဲမှာ အိမ်ရှင်ကို မဆန့်ကျင်တာကောင်းပါတယ်။ အိမ်ရှင်နိုင်မှာ သေချာတဲ့ပွဲပါ။ (၂-၁)လို ရလဒ်မျိုးကိုပဲ ကြိုက်တယ်။

ကလပ်ဘရုဂျက် – ဒေါ့မွန်

(ချန်ပီယံလိဂ် အုပ်စုအဆင့်)

နှစ်သင်းစလုံးက သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေမှာ ဒုတိယနေရာမှာ ရပ်တည်နေကြတယ်။ ကလပ်ဘရုဂျက်က ဘယ်လ်ဂျီယံပြည်တွင်းပွဲတွေမှာ သူ့အတိုင်းအတာနဲ့သူ အဆင့်ရှိပေမယ့် ချန်ပီယံလိဂ်မှာတော့ အမြဲလိုလို အိမ်ဖြည့်သာသာအဆင့်လောက်ပဲ ရှိပါတယ်။ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာတော့ အုပ်စုအဆင့်ကတက်နိုင်ပေမယ့် Round of 16 မှာလှည့်ပြန်ခဲ့ရတယ်။

အသင်းကြီးတွေနဲ့ တွေ့ရင် ကလပ်ဘရုဂျက်က ခံနိုင်ရည်သိပ်မရှိပါဘူး။ ရှုံးတာများတယ်။ ဒေါ့မွန်နဲ့လည်း ၂၀၂၀ ခုနှစ်က အုပ်စုမှာ ဆုံခဲ့ဖူးပြီး နှစ်ကျော့စလုံး(ဝ-၃)ရလဒ်နဲ့ ရှုံးခဲ့တယ်။ ဒီနှစ်ပွဲအပါအဝင် ဒေါ့မွန်က ကလပ် ဘရုဂျက်နဲ့ တွေ့တဲ့နောက်ဆုံး(၄)ပွဲမှာ Clean Sheet ရအောင် ကစားနိုင်ခဲ့တယ်။

နည်းပြသစ် နူရီဆာဟင်ရဲ့လက်အောက်မှာ ဒေါ့မွန်က ခြေစွမ်းတည်ငြိမ်မှုကိုတော့ ပြနေတယ်။ ဒီနွေရာသီ အသင်းမှာ ကစားသမားအဝင်အထွက်များပေမယ့် အသင်းကို ပုံစံမပျက်သွားအောင် ဆာဟင်က ထိန်းထားနိုင်တယ်။ တိုက်စစ်မှူးသစ်ဂီရာဆေက ဂိုးမရသေးပေမယ့် အဒီယီမီက ခြေစွမ်းပြပြီး ဂိုးတွေသွင်းပေးနေတယ်။

ကစားသမားဟောင်း ဆာဟင်လက်ထဲမှာပုံစံကောင်းပြနေတဲ့ ဒေါ့မွန်ကို အိမ်ရှင်အသင်းထက် ပိုအကြိုက်တွေ့မိတယ်။ ဂိုးများပြီး (၁-၃)(၂-၃)လို ရလဒ်တွေကို တွေ့ရမယ်လို့ ထင်မိတယ်။

PSG – ဂျီရိုနာ

(ချန်ပီယံလိဂ် အုပ်စုအဆင့်)

PSG က ဒီရာသီမှာ ကောင်းကောင်းခြေစွမ်းပြနေပြီး ဘာပေ ခေတ်လွန်အသင်းက အရင်လိုပဲ အပျိုရည်မပျက်သေးဘူးဆိုတာ ပြနေတယ်။ ပြင်သစ်လီဂူးမှာ (၄)ပွဲကစား(၄)ပွဲနိုင်ပြီး လူငယ်တိုက်စစ်မှူးဘာကိုလာက ဘာပေကို ပရိသတ်တွေမေ့သွားအောင် ဂိုးတွေသွင်းပေးနေတယ်။ ဒမ်ဘီလီကလည်း ဂိုးတွေကူသွင်းပေးနေပြီး နောက်ဆုံး(၄)ပွဲမှာ (၁၆)ဂိုးသွင်းထားတဲ့ PSG တိုက်စစ်က ပြိုင်ဘက်တွေအတွက် ဖြုံစရာပါပဲ။

ဂျီရိုနာက ပြီးခဲ့တဲ့ရာသီက ပြခဲ့တဲ့ခြေစွမ်းလောက်မဟုတ်တော့ဘဲ ရလဒ်ပိုင်းလည်း ကျသွားခဲ့တယ်။ လာလီဂါ(၅)ပွဲမှာ နိုင်ပွဲ(၂)ပွဲပဲ ရှိသလို နောက်ဆုံးပွဲမှာ ဘာစီလိုနာကို (၁-၄)ဂိုးနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရတယ်။ ဂျီရိုနာအတွက် အသင်းသမိုင်းတစ်လျှောက် ပထမဆုံးချန်ပီယံလိဂ်ပွဲမှာ ခြေတက်နေတဲ့ PSG နဲ့ တွေ့တာကံဆိုးတယ်ပြောရမယ်။ ကစားရမှာလည်း ပြင်သစ်မြေဖြစ်နေတယ်။ ဒီရာသီအသင်းကြီးတွေကို ခံမကစားနိုင်ဘဲ ဂိုးပြတ်တွေနဲ့ အရေးနိမ့်ခဲ့ရတဲ့ ဂျီရိုနာအနေနဲ့ ဘယ်၊ ညာ၊ အလယ်ကြော နေရာပေါင်းစုံက တိုက်စစ်ဆင်မယ့် PSG ကို ခံမကစားနိုင်လောက်ပါဘူး။ အနည်းဆုံး(၂)ဂိုးပြတ်မယ်လို့ ခန့်မှန်းမိတယ်။ (၃-၁)လို ရလဒ်မျိုးကို ကြိုက်မိတယ်။

Leave a Reply

Your email address will not be published. Required fields are marked *