မန်ယူနိုက်တက်-ဘန်စလေပွဲမှာ လှပတဲ့ဂိုးသွင်းယူခဲ့ပြီးနောက် ရပ်ရှ်ဖိုဒ့်ပြန်လာပြီလို့ ပရိသတ်တွေဆို

0

မနေ့က မန်ယူနိုက်တက်(၇-ဝ)ဘန်စလေ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့်ပွဲစဉ်မှာ မန်ယူနိုက်တက်အသင်းရရှိခဲ့တဲ့ အဖွင့်ဂိုးကို ပြိုင်ဘက်နောက်ခံလူတွေကို ကျော်ဖြတ်ကာ လှပတဲ့ဂိုးသွင်းယူခဲ့တဲ့ တိုက်စစ်မှူး ရပ်ရှ်ဖိုဒ့်ပြန်လာပြီလို့ ပရိသတ်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ခြေစွမ်းပိုင်းကျဆင်းလာမှုတွေကြောင့် ဝေဖန်မှုတွေအများအပြားခံခဲ့ရပေမယ့် မန်ယူနိုက်တက်အသင်းအတွက် (၂)ပွဲဆက်တိုက်ဂိုးသွင်းကာ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်လည်ရယူနိုင်ခဲ့တာပါ။

ရပ်ရှ်ဖိုဒ့်ဟာ မန်ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းကို (၃-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ(၁)ဂိုးသွင်းယူခဲ့သလို ဘန်စလေအသင်းနဲ့ပွဲမှာ (၂)ဂိုးသွင်းယူခဲ့တာကြောင့် ဒီရာသီသူ့ရဲ့သွင်းဂိုးဟာ (၃)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရပ်ရှ်ဖိုဒ့်ဟာ ဒီပွဲစဉ်ရဲ့ပွဲချိန်(၁၆)မိနစ်မှာ တောင်ပံကစားသမား ဂါနာချိုတင်ပေးလိုက်တဲ့ ဘောလုံးကို ထိန်းပြီး ပြိုင်ဘက်နောက်ခံလူကို လိမ်ခေါ်ကျော်ဖြတ်ကာ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ကန်ချက်ပြင်းပြင်းနဲ့ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ရပ်ရှ်ဖိုဒ့်ရဲ့လှပတဲ့သွင်းဂိုးကို ပြန်မြင်တွေ့ခဲ့ရပြီးနောက်မှာ ပရိသတ်တစ်ဦးက “ရပ်ရှ်ဖိုဒ့်ပြန်လာပြီ”လို့ ရေးသားကာ နောက်တစ်ဦးက “ရပ်ရှ်ဖိုဒ့်က ကျွန်တော့်ရဲ့ပျော်ရွှင်မှုကို ပြန်ရစေခဲ့သလို သူလည်းယုံကြည်မှုတွေပြန်ရလာခဲ့ပြီ”လို့ ရေးသားခဲ့ပြီး နောက်ထပ်တစ်ဦးက”ရပ်ရှ်ဖိုဒ့်ပြန်လာပြီဆိုတာ ခင်ဗျားတို့ကို ယုံကြည်မှုအပြည့်နဲ့ ကျွန်တော်ပြောနိုင်တယ်”လို့ သူတို့ရဲ့ဆိုရှယ်မီဒီယာပေါ်တွေမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က ပွဲအပြီးမီဒီယာတွေ့ဆုံမှာ ရပ်ရှ်ဖိုဒ့်ဂိုးသွင်းရင် သူတို့အနိုင်ရဖို့အတွက် ပိုပြီးလွယ်ကူစေတယ်လို့ ချီးကျူးမှုတွေပြုလုပ်ခဲ့တာပါ။ ရပ်ရှ်ဖိုဒ့်ဟာ ဒီပွဲမှာ မန်ယူနိုက်တက်အသင်းရရှိတဲ့ ပယ်နယ်တီကို သူမကန်သွင်းဘဲ အသင်းဖော်အန်တိုနီကို ပေးကန်ခဲ့တာကြောင့်လည်း ချီးကျူးမှုအများအပြားရရှိခဲ့တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *