ကားတိုက်ခံရပြီး သေဆုံးခဲ့တဲ့ ပရိသတ်အတွက် ဝမ်းနည်းကြောင်း လီဗာပူးလ် ထုတ်ပြန်

0

မနေ့က အေစီမီလန်(၁-၃)လီဗာပူးလ် ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်မတိုင်ခင်မှာ ယာဉ်မတော်တဆမှုကြောင့် အမာခံပရိသတ်ဖြစ်သူ ဖီးလစ်ဒူလေးသေဆုံးသွားခဲ့ပြီးနောက် ဝမ်းနည်းကြေကွဲကြောင်း လီဗာပူးလ်အသင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အသက်(၅၁)နှစ်အရွယ်ရှိ လီဗာပူးလ်အသင်းပရိသတ်ဟာ အေစီမီလန်အသင်းနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်ကို ကြည့်ဖို့ အီတလီနိုင်ငံကို ရောက်ရှိလာချိန်မှာ ဖြစ်ရပ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာပါ။

ဖီးလစ်ဒူလေးဆိုသူ လီဗာပူးလ်အသင်းအမာခံပရိသတ်ဟာ ဘာဂါမိုမှာ ကားလမ်းကို ဖြတ်ကူးချိန်ယာဉ်မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိသူ(၂)ဦးဟာ အီတလီရဲတပ်ဖွဲ့ဝင်တွေရဲ့စုံစမ်းစစ်ဆေးမှုတွေမှာ အကူအညီပေးခဲ့ကြခဲ့သလို မာဆေးဆိုက်ရဲတပ်ဖွဲ့တွေကလည်း အီတလီအာဏာပိုင်တွေကို အကူအညီပေးနေတယ်လို့ သိရပါတယ်။ လီဗာပူးလ်နဲ့ အေစီမီလန်အသင်းတာဝန်ရှိသူတွေဟာ ပွဲမစတင်ခင်မှာ ကွယ်လွန်သွားခဲ့တဲ့ ဖီးလစ်ဒူလေးရဲ့ထိုင်ခုံပေါ်မှာ ပန်းတွေချထားခဲ့တာပါ။

လီဗာပူးလ်အသင်းက” ဒီအဖြစ်အပျက်အတွက် အလွန်ဝမ်းနည်းကြေကွဲမိပြီး မီလန်မှာရှိတဲ့ သူတို့ရဲ့အဖွဲ့ဝင်တွေဟာ ဒေသခံရဲတွေ၊ကောင်စစ်ဝန်ရုံးတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေပြီး ဒီဖြစ်ရပ်အတွက် ထိခိုက်ခံစားရတဲ့ အခြားပရိသတ်တွေကို ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးမယ်”လို့ ဝက်ဘ်ဆိုက်မှာ ထုတ်ပြန်ထားပါတယ်။

လီဗာပူးလ်အသင်းဟာ အေစီမီလန်အသင်းကို အနိုင်ရခဲ့တာကြောင့် ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဂမ်ဖောရက်စ်အသင်းကို အရေးနိမ့်မှုကနေ ပြန်လည်ရုန်းထွက်နိုင်ခဲ့တာပါ။ လီဗာပူးလ်အသင်းဟာ ဒီအပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *