နူနက်ဇ်နဲ့ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဗာတန်ကို ဟိုက်တင်ဂါ လှောင်ပြောင်

0

လီဗာပူးလ်အသင်းလက်ထောက်နည်းပြ ဟိုက်တင်ဂါဟာ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နဲ့ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ အသင်းဟောင်း အဲဗာတန်အသင်းကို လှောင်ပြောင်မှုပြုလုပ်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ရာသီအစပရီးမီးယားလိဂ်(၃)ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရယူထားပေမယ့် မြို့ခံပြိုင်ဘက် အဲဗာတန်အသင်းကတော့ (၃)ပွဲစလုံးအရေးနိမ့်ပြီး အမှတ်ပေးဇယားအောက်ဆုံးနေရာမှာ ရပ်တည်နေတာပါ။

အဲဗာတန်အသင်းဟာ စက်တင်ဘာနိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို(၂-ဝ)ဂိုးနဲ့ ဦးဆောင်ထားရာကနေ ပွဲအပြီးမှာ (၂-၃)ဂိုးနဲ့ အံ့အားသင့်ဖွယ်အရေးနိမ့်ခဲ့တာပါ။ အဲဗာတန်အသင်းမှာ ၂၀၀၉ ကနေ ၂၀၁၄ အထိကစားခဲ့တဲ့ ဟိုက်တင်ဂါဟာ ဒီနွေရာသီမှာ လီဗာပူးလ်အသင်းကို နည်းပြသစ်အဖြစ်ရောက်ရှိလာခဲ့တဲ့ အာနီဆလော့ရဲ့လက်ထောက်နည်းပြအဖြစ်ခေါ်ယူခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။

ဟိုက်တင်ဂါဟာ လီဗာပူးလ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်မှာ အဲဗာတန်အသင်းရဲ့ခံစစ်ပိုင်းအားနည်းမှုကို မီးမောင်းထိုးပြသခဲ့တာပါ။ ဒါဝင်နူနက်ဇ်ဟာ ဂိုးပေါက်ထဲကို ကန်သွင်းမှုပြုလုပ်ဖို့ ပြေးလာတာနှေးကွေးနေတာကြောင့် ဟိုက်တင်ဂါက “ဒါက အဲဗာတန်အသင်းရဲ့ခံစစ်နဲ့တူတယ်”လို့ ပြောခဲ့ပြီး ဒီရုပ်သံဖိုင်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

အဲဗာတန်အသင်းရဲ့ပရီးမီးယားလိဂ်ရာသီအစရလဒ်ဆိုးတွေကြောင့် နည်းပြ ရှောင်ဒိုက်ဟာ ဖိအားတွေအောက်ကို ကျရောက်နေပြီး လာမယ့်ပွဲတွေမှာ ရလဒ်တွေထပ်ပြီးဆိုးရွားမယ်ဆိုရင် နည်းပြရာထူးက ထုတ်ပယ်ခံရလိမ့်မယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *