အီတလီ​​ဘောလုံးအဖွဲ့ချုပ်က ပွဲကစားခွင့်(၁၀)လ ပိတ်ပင်ခံထားရတဲ့ တိုနယ်လီကို FA စွဲချက်တင်

0

လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် အီတလီဘောလုံးအဖွဲ့ချုပ်(FIGC)ရဲ့(၁၀)လကြာပွဲကစားခွင့် ပိတ်ပင်ခြင်းကို ခံထားရတဲ့ နယူးကာဆယ်ကွင်းလယ်လူ တိုနယ်လီကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ကလည်း လောင်းကစားမှုနဲ့ပတ်သက်ပြီး စွဲချက်တင်လိုက်ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိ အီတလီလက်ရွေးစင်ကွင်းလယ်လူ တိုနယ်လီဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လက အေစီမီလန်အသင်းကနေ နယူးကာဆယ်အသင်းထံ ပေါင်(၅၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

တိုနယ်လီဟာ ၂၀၂၃ ခုနှစ် သြဂုတ်လ(၁၂)ရက်ကနေ အောက်တိုဘာလ(၁၂)ရက်အတွင်း လောင်းကစားနဲ့ ဆက်နွယ်မှုပေါင်း(၅၀)အထိ ရှိခဲ့တာကြောင့် လောင်းကစားစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ FA က စွဲချက်တင်ခဲ့တာပါ။ နယူးကာဆယ်အသင်းကတော့ တိုနယ်လီဟာ စုံစမ်းစစ်ဆေးမှုတွေကို အပြည့်အဝလိုက်နာဆောင်ရွက်နေပြီး ကလပ်အသင်းက သူ့ကို အပြည့်အဝထောက်ခံတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။တိုနယ်လီဟာ FIGC ရဲ့ပွဲကစားခွင့်ပိတ်ပင်မှုကြောင့် အခုနှစ်သြဂုတ်လအထိ ဘောလုံးပြန်ကစားခွင့်မရသေးလို့ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အီတလီလက်ရွေးစင်အသင်းအတွက် ပါဝင်ခွင့်ရရှိမှာမဟုတ်ပါဘူးတိုနယ်လီဟာ လက်ရှိအချိန်မှာ ပွဲကစားခွင့်မရသေးပေမယ့် ပွဲပယ်ပြစ်ဒဏ်ကျခံနေရတဲ့အချိန်အတွင်းမှာ နယူးကာဆယ်အသင်းဖော်တွေနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ တိုနယ်လီအနေနဲ့ FA က သူ့အပေါ် စွဲချက်တင်ထားတာကို ဧပြီလ(၅)ရက် နောက်ဆုံးထားပြီး တုံ့ပြန်ရမှာဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုရင်တော့ နောက်ထပ်ပွဲပယ်ပြစ်ဒဏ်တွေကို ထပ်မံရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ တိုနယ်လီဟာ ပွဲပယ်ပြစ်ဒဏ်မကျခံရခင်အချိန်အတွင်း နယူးကာဆယ်အသင်းအတွက် (၁၂)ပွဲပါဝင်ကစားခဲ့ပြီး (၁)ဂိုးသွင်းယူခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *